ဘားအံ ဇန်နဝါရီ ၁၆
၂၀၂၂ ခုနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခန့်က ဘားအံမြို့ ဇွဲကပင် ခန်းမ၌ ကျင်းပသည်။
ဆုချီးမြှင့်ပွဲတွင် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးစိုးနိုင်က ပြိုင်ပွဲတွင် ပူးပေါင်း ကူညီဆောင်ရွက်ပေးသော ဘားအံမြို့နယ် ကြက်ခြေနီသူနာပြု တပ်ဖွဲ့အားလည်းကောင်း၊ ပြည်နယ်အမျိုးသမီး အားကစားဆပ်ကော်မတီဥက္ကဋ္ဌ ဒေါက်တာသီသီဝင်းက ဒိုင်အဖွဲ့အားလည်းကောင်း ဂုဏ်ပြုငွေများ ပေးအပ်ခဲ့ပြီး ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က (၅)ယောက်တွဲပြိုင်ပွဲတွင် တတိယဆုရ လှိုင်းဘွဲမြို့နယ် အသင်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်က ဒုတိယဆုရ ကော့ကရိတ်မြို့ နယ်အသင်းတို့အား တစ်ဦးချင်းလည်ဆွဲနှင့်ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက (၅) ယောက်တွဲပြိုင်ပွဲ ပထမဆုရ ဘားအံမြို့နယ်အသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်လမ်းပန်းဆက်သွယ်ရေး၏ ဇနီးက အမျိုးသမီး(၃)ယောက်တွဲပြိုင်ပွဲတွင် တတိယဆု ရရှိသော ကြာအင်းဆိပ်ကြီးမြို့နယ်အသင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး၏ဇနီးက ဒုတိယဆုရရှိသော ကော့ကရိတ်မြို့နယ်အသင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးဒေါ်နန်းဘေဘီမြင့်က ပထမဆုရရှိသော ဘားအံမြို့နယ်အသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်သယံဇာတရေးရာဝန်ကြီး၏ ဇနီးက အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် တတိယဆု ရရှိသော ကြာအင်းဆိပ်ကြီးမြို့နယ်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်းက ဒုတိယဆုရရှိသော ဖာပွန်မြို့နယ် နှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသိန်းကိုကိုက ပထမဆုရရှိသော ဘားအံမြို့နယ်တို့အား ငွေသားဆုနှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဆုရရှိသောအသင်းများက ပြန်လည်သရုပ်ပြတင်ဆက်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက အားကစားသမားများအား တစ်ဦးချင်း ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေး ခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ဘားအံမြို့နယ်၊ လှိုင်ကမ္ဘာကျေးရွာ အုပ်စုရှိ ရေတံခွန်ရေလှောင်ကန် လက်ယာမြောင်းတူးဖော်နေမှုနှင့် ရေတံခါးတည်ဆောက်ခြင်း လုပ်ငန်းတို့ကို သွားရောက ်ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန်းခွဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဦးနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေတံခွန်ရေလှောင်ကန်အား သွားရောက်ကြည့်ရှု့စစ်ဆေးပြီး ရေလှောင်ကန် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး၊ တတိယရေလှောင်ကန်နှင့် စတုတ္ထရေလှောင်ကန်များ ဆောင်ရွက်ပေးနိုင်ရေး၊ ဈေးဆိုင်ခန်းများ စနစ်တကျဖြစ်စေရေး လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လယ်ဧက ၅၀၀ ခန့်အား အကျိုးပြုနိုင်မည့် ဖအွံ-ကော့ကျိုက်၊ ဖဲကတာ၊ တောင်သူကုန်း ကျေးရွာအုပ်စုများ၏ ဖိကလန်ချောင်းရိုးဟောင်း အရှည် ၉၃၅၀ ပေ ရေသွင်း/ ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်း၊ လယ်ဧက ၁၅၀ ခန့်အား အကျိုးပြုနိုင်မည့် အရှည်ပေ ၆၃၀၀ ခန့်ရှိ ကော့ကျိုက် (ဖအွံ) ကျေးရွာအုပ်စုချောင်းရိုးတူးဖော်ခြင်းနှင့် လယ်ဧက ၂၀၀ ခန့်အကျိုးပြုနိုင်မည့် အရှည်ပေ ၈၀၃၀ ခန့်ရှိ ကော့ကလွေ ချောင်းရိုးတူးဖော်ခြင်းလုပ်ငန်းတို့ကို ကြည့်ရှု့စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း (ပြန်/ဆက်)