ကျုံပျော် ဇန်နဝါရီ ၁၆
ကျန်းမာရေးလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရေးအတွက် ရည်ရွယ် တည်ဆောက်ခဲ့သော ဧရာဝတီ တိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ အထောင်မြို့ရှိ အောက်ဆီဂျင်စက်ရုံသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အဆိုပါအောက်ဆီဂျင်စက်ရုံတည်ရှိရာ အမှတ်(၁)ရပ်ကွက် ဗိုလ်ချုပ်လမ်းမကြီးနံဘေး၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အောက်စီဂျင်စက်ရုံသစ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေယျမင်း၊ အောက်စီဂျင်စက်ရုံ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းဦး၊ အလှူရှင်ဦးအောင်နိုင် ဦးနှင့် ဒေါ်မီရာတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် အောက်စီဂျင်စက် လွှဲပြောင်းပေးအပ်ပွဲနှင့် အလှူရှင်ဂုဏ်ပြုပွဲအခမ်းအနားကို အ.ထ.က အထောင် မြတ်လေးခန်းမ၌ ဆက်လက်ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေယျမင်းက အဖွင့်အမှာစကားပြောကြားပြီး၊ အလှူရှင်ဦးအောင်နိုင်ဦးက လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ၊ အောက်စီဂျင်စက်ရုံဖြစ်မြောက်ရေးကော်မတီဝင် ဦးကျော်ဇင်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် အောက်စီဂျင်စက်အလှူရှင်၊ စက်ရုံအလှူရှင်၊ လျှပ်စစ်ထရန်စဖော်မာ မတည်အလှူရှင်နှင့် အဖက်ဖက်မှ ဝိုင်းဝန်းလှူဒါန်းခဲ့ကြသည့် အလှူရှင်များအား တာဝန်ရှိသူတို့က ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ပြီး၊ အောက်စီဂျင်စက်ပေးအပ်ခြင်းအတွက် ကော်မတီဥက္ကဋ္ဌနှင့် အလှူရှင်တို့မှ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။
အဆိုပါ အောက်ဆီဂျင်စက်ရုံကို ငွေကျပ်သိန်း(၁၀၀)ကျော်ဖြင့် တည်ဆောက်ခဲ့ပြီး၊ အောက်စီဂျင် စက်ကို ရန်ကုန်မြို့နေ Academia Education, Engineering for Kids တို့မှ ဦးဆောင်လှူဒါန်းကာ၊ စက်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၄၅၀၀၀) တန်ဖိုးဖြစ်ကြောင်း၊ စက်ကို စတင်လည်ပတ်မောင်းနှင်လျက်ရှိပြီး၊ ရရှိသောအောက်စီဂျင်များကို လိုအပ်သော လူနာများအတွက် အခမဲ့ဖြန့်ဖြူး ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)