မကွေး ဇန်နဝါရီ ၁၆
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊သယံဇာတရေးရာ ဝန်ကြီး ဦးစိုင်းမြင့်အေး၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်နှင့် တိုင်းဒေသကြီး ဥပဒေချုပ် ဦးဝင်းမြင့်တို့ လိုက်ပါကာ ယမန်နေ့ ညနေပိုင်းက မင်းဘူး(စကု) မြို့နယ် ဇီးအိုင်ကျေးရွာရှိ မင်းဘူးနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိရာ တာဝန်ရှိသူများမှ စက်ရုံ၏ တည်ဆောက်ပြီးစီးမှု၊ မောင်း နှင်ထုတ်လုပ်ရေးဆိုင်ရာများ၊ ဓာတ်အား ပို့လွှတ်မှု အခြေအနေနှင့် အဆင့်(၂) (၄၀)မဂ္ဂါဝပ် ထုတ် လုပ်နိုင်ရေး လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံမှ တာဝန်ရှိသူများ၏ တင်ပြမှု အပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး၊ ၊အဆင့် (၂) (၄၀)မဂ္ဂါဝပ် ထုတ်လုပ်နိုင်ရေးအတွက် မြေရှင်းလင်း ဆောင်ရွက်နေမှုအား ကြည့်ရှု ၍ လက်ရှိ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ အမြန်ပြီးစီးရေး၊ လုပ်ငန်းအန္တရာယ် ကင်းရှင်း ရေး ကြိုးစား ဆောင်ရွက်ရန် မှာကြားသည်။
အဆိုပါ မင်းဘူးနေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံသည် စက်ရုံ၏ စီမံကိန်းအဆင့် (၄)သတ်မှတ်ထားပြီး ပထမအဆင့် စီမံကိန်းအဆင့်(၁)(၄၀)မဂ္ဂါဝပ်အား(၂၇-၆-၂၀၁၉)ရက်နေ့မှ စတင်ပြီး နိုင်ငံတော် ဓာတ်အားစနစ်အတွင်းသို့ ပို့လွှတ်နိုင်ခဲ့ကြောင်း၊ တပ်ဆင်ထားမှုအင်အား မှာ(၃၁၅)ဝပ် ဆိုလာပြားအချပ်ရေ(၁၅၉၀၀၀)နှင့် အင်ဗာတာယူနစ်(၁)မဂ္ဂါဝပ် အလုံးရေ(၄၁)လုံး တပ်ဆင်ထားကာ မောင်းနှင်ရေးအဆိုင်း(၄)ဆိုင်းဖြင့် မနက် ၇ နာရီမှ ည ၇ နာရီ၊ ည ၇ နာရီမှ မနက် ၇ နာရီ အလှည့်ကျ အင်ဂျင်နီယာ(၁၁)ဦးဖြင့် တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း၊ ပထမအဆင့်(၄၀) မဂ္ဂါဝပ်အား (၂၃၀၀၀၀)ဗို့အားလိုင်းဖြင့် မင်းဘူး(မန်း)ဓာတ်အားခွဲရုံနှင့် ရခိုင် ပြည်နယ်(အမ်း)ဓာတ်အား ခွဲရုံသို့ ပို့လွှတ်လျက်ရှိပြီး၊ ဓာတ်အားစနစ်မှ အပြည့်အဝထုတ်လွှတ် သော အချိန်တွင် ဆိုလာစက်ရုံမှ ဓာတ်အားကို အမ်းဓာတ်အားခွဲရုံသို့ အမြင့်ဆုံး (၄၀)မဂ္ဂါဝပ် အထိ ပို့လွှတ်နိုင်ကာ တစ်ခါတစ်ရံ ဓာတ်အားစနစ် လျော့ကျနေချိန်တွင် မန်းဓာတ်အားခွဲရုံသို့ (၁၅)မဂ္ဂါဝပ်နှင့် အမ်းဓာတ်အားခွဲရုံသို့ (၂၅)မဂ္ဂါဝပ် ပို့လွှတ်နိုင် ကြောင်း၊ ဆက်လက်ပြီး စီမံ အဆင့်(၂)(၄၀)မဂ္ဂါဝပ်၊ စီမံအဆင့်(၃)(၄၀)မဂ္ဂါဝပ်နှင့် စီမံအဆင့်(၄) (၅၀) မဂ္ဂါဝပ် စုစုပေါင်း (၁၇၀)မဂ္ဂါဝပ် တည်ဆောက်နိုင်ရန် လျာထားဆောင်ရွက်လျက်ရှိပြီး လက်ရှိမှာ ကိုဗစ်-၁၉ ရောဂါကျရောက်မှုကြောင့် လုပ်ငန်းကြန့်ကြာနေရသော ဒုတိယအဆင့် (၄၀)မဂ္ဂါဝပ်အား အချိန်နှင့် တစ်ပြေးညီ ပြီးစီးနိုင်ရေးအတွက် ၂၀၂၁ ခုနှစ် အောက်တိုဘာလလယ်မှ စတင်ပြီး မြေပြင်လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း စီမံကိန်းတာဝန်ရှိသူထံမှ သိရသည်။
မောင်ညီညာ