မြန်အောင်မြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းမိခင်များမှ မွေးဖွားလာသည့် အသက်နှစ်နှစ်အောက်ကလေးသူငယ်များကို ငွေကြေးထောက်ပံ့‌ပေးသော  MCCT အစီအစဉ်အတွက် ဆင့်ပွားသင်တန်းဖွင့်လှစ်

မြန်အောင် ဇန်နဝါရီ  ၁၆

ဧရာဝတီတိုင်ဒေသကြီး ၊ ဟင်္သာတခရိုင် မြန်အောင်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနက ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းမိခင်များမှမွေးဖွားလာသည့် အသက်နှစ်နှစ်အောက် ကလေးသူငယ်များကို ငွေကြေးထောက်ပံ့‌ပေးသော MCCT အစီအစဉ်အတွက် ဆင့်ပွားသင်တန်းကို ယနေ့နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ကျင်ပပြုလုပ်ခဲ့သည်။

Maternal and Chind Cash Transfer Program (MCCT) အစီအစဉ်မှာ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းမိခင်များမှ မွေးဖွားလာသည့် အသက်နှစ်နှစ်အောက်ကလေးသူငယ်များကို ငွေကြေးထောက်ပံ့‌ပေးသော အစီအစဉ်ဖြစ်ပြီး အကျိုးခံစားခွင့်ရှိသူစာရင်း ကောက်ယူနိုင်ရေးနှင့် ထောက်ပံ့နိုင်ရေးအတွက်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့က ပူးပေါင်းဆောင်ရွက်မှာဖြစ်ကြောင်း သိရှိရသည်။

အခမ်းအနားသို့ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်မေဝင်းကျော်၊ မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သင်းလှိုင်ဦးနှင့် ကြံခင်းမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာဦးတို့က MCCT အစီအစဉ်အတွက် လုပ်ငန်းစဉ်များအကြောင်းနှင့် ကိုယ်ဝန်‌ဆောင်စာရင်း အသစ်ကောက်ယူခြင်း၊ ကိုယ်ဝန်ဆောင်မိခင်တွေနှင့် ၎င်းမိခင်များမှ မွေးဖွားလာသည့် အသက်နှစ်နှစ်အောက် ကလေးသူငယ်များ စာရင်းပြုစုခြင်းတိုကို ရှင်းလင်းပြောကြားကြသည်။

ဆက်လက်၍ မြန်အောင်မြို့ ဧရာဝတီဘဏ်မန်နေဂျာ ဦးထက်ပိုင်ဝင်းနှင့် ဘဏ်ဝန်ထမ်းများက Mobile Bank စနစ်ဖြင့် ငွေကြေးထောက်ပံ့ပေးနိုင်ရန် AYA Pay Wallet Account ဖွင့်လှစ်၍ လက်တွေ့အသုံးပြုနည်းကို ရှင်းလင်းပြသပေးခဲ့ကြသည်။

MCCT အစီအစဉ်အတွက် ဆင့်ပွားသင်တန်းကို မြန်အောင်မြို့နယ်ရပ်ကွက်/ကျေးရွာအုပ်စု (၇၃)အုပ်စုမှအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ဝင်းဗိုလ် (မြန်အောင်)