ပုသိမ်မြို့၏ ကျက်သရေဆောင် ရွှေမုဠောမဟာစေတီတော်မြတ်ကြီးတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ရဟန္တာအပါး(၅၀၀)တို့အား စတုမဓူဆေး ဆွမ်းကပ်လှူပူဇော်ပွဲနှင့် ရေစက်ချ မင်္ဂလာ အခမ်းအနားကျင်းပ

ပုသိမ်   ဇန်နဝါရီ  ၁၆

ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ်မြို့၏ ရှေးဟောင်းသမိုင်းဝင်ဘုရားတစ်ဆူဖြစ်သော ရွှေမုဌောမဟာ စေတီတော်မြတ်ကြီးတွင် မြတ်စွာဘုရားအမှူးထား၍ ရဟန္တာအပါး(၅၀၀)တို့အား (၉၅)ကြိမ်မြောက် စတုမဓူဆေးဆွမ်းတော်ကပ်လှူပူဇော်ပွဲတော်ကြီးအားပုသိမ်မြို့ ရွှေမုဌော မဟာစေတီတော် မြတ်ကြီးတွင် ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး ဒေါ်ကြည်ကြည်ထွန်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများမှ ဆေးဆွမ်းတော် ဆက်ကပ်လှူဒါန်းရေစက်ချအခမ်းအနားသို့ တက်ရောက်ပူဇော်ကြသည်။

ရွှေမုဌောဘုရားကြီး  ရင်ပြင်တော်ရာဟုဒေါင့် ဇေတဝန်မဏ္ဍပ်စံကျောင်းတော်ကြီး၌ ဘဏ္ဍာတော် ထိန်း ဂေါပကအဖွဲ့က  ကြီးမှူး၍ အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ (၁၃-၁-၂၀၂၂) (ကြာသပတေးနေ့) မှ(၁၆-၁-၂၀၂၂) (တနင်္ဂနွေနေ့)အထိ ကျင်းပခဲ့ပြီးဖြစ်ရာ ရေစက်ချအခမ်းအနား ကို ၁၆.၁.၂၀၂၂ ယနေ့နံနက် ၅ နာရီတွင် ဘုရားအနေကဇာတင်ခြင်း၊ ပရိတ်တရားတော်များနာယူ ခြင်းနှင့် ရေစက်ချမင်္ဂလာအခမ်းအနားများ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ရေစက်ချ မင်္ဂလာအခမ်းအနားတွင် ပုသိမ်မြို့ ညောင်ပင်သာကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများမှ သံဃာတော်အရှင်သူမြတ်များအား သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ လှူဒါန်းမှုအစုစုတို့အတွက် ပုသိမ်မြို့ မောင်းထောင်ကျောင်းတိုက်ဆရာတော်ထံမှ ရေစက်ချတရားနာယူခဲ့ကြကြောင်း သတင်းရရှိသည်။

ပုသိမ်ခရိုင်(ပြန်/ဆက်)