ပခုက္ကူ ဇန်နဝါရီ ၁၆
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့တွင် အမျိုးသမီးစက်ချုပ် (အခမဲ့) သင်တန်းဆင်းလက်မှတ်နှင့် ဂုဏ်ပြုလွှာပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲ အချိန်က အမှတ်(၁၄)ရပ်ကွက်၊ သဘာဝဘေးဒဏ်ခံဘက်စုံသုံး အဆောက်အဦး (Shelter) ခန်းမ၌ ကျင်းပပြုလုပ်သည်။
သင်တန်းဆင်းပွဲတွင် ပခုက္ကူမြို့၊ သီဟိုဠ်ရှင်စေတနာ (အခမဲ့) ဆေးခန်းနှင့် အရေးပေါ်လူနာတင်ယာဉ် ကူညီမှုအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်ကြည်က သင်တန်းဖွင့်လှစ်သင်ကြားပေးရသည့် ရည်ရွယ်ချက်များနှင့် သင်တန်းဆင်းအမှာစကား ပြောကြားပြီး ရန်ကုန်မြို့မှ ဒီဇိုင်နာကိုလင်းက အမျိုးသား၊ အမျိုးသမီး အင်္ကျီဒီဇိုင်းပုံဖော် ဖန်တီးနည်းအကြောင်းကိုလည်းကောင်း၊ သင်တန်းနည်းပြဆရာမမအိက သင်တန်းတွင်သင်ကြားပေးပို့ချပေးခဲ့သည့် ဘာသာရပ်များနှင့် ဆက်လက်လေ့ကျင့်သင်ကြားရန်လိုအပ်သည့် စက်ချုပ်ပညာ အတတ်ပညာများအကြောင်းတို့ကိုလည်း အသီးသီးရှင်းလင်း ပြောကြားကြသည်။
ဆက်လက်၍ ပခုက္ကူမြို့၊ သီဟိုဠ်ရှင်စေတနာ (အခမဲ့) ဆေးခန်းနှင့် အရေးပေါ် လူနာတင်ယာဉ်ကူညီမှုအဖွဲ့ဝင်များနှင့် တာဝန်ရှိ သူများက အမျိုးသမီးစက်ချုပ် (အခမဲ့) သင်တန်းသူ (၁၅၂) ဦးတို့အား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခြင်း၊ သင်တန်းနည်းပြများအား ဂုဏ်ပြုလွှာများပေးအပ်ခြင်း၊ သင်တန်းသူများက နည်းပြများနှင့် တာဝန်ရှိသူများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ခြင်း၊ အပ်ချုပ်စက်ပစ္စည်းအမျိုးအစားများအလိုက် ကံစမ်းမဲများဖောက်ပေးခြင်း၊ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေခြင်းများ ပြုလုပ်ကြသည်။
အဆိုပါသင်တန်းကို ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားနေသည့် ကာလများအတွင်း ပြင်ပလုပ်ငန်းရှာဖွေလုပ်ကိုင်ရန် အခက်အခဲများနှင့် ကြုံတွေ့ နေရခြင်းတို့ကြောင့် ပခုက္ကူမြို့နယ်အတွင်းရှိ အမျိုးသမီးလူငယ်များအနေဖြင့် မိမိနေအိမ်တွင် နေထိုင်ရင်း စက်ချုပ်ပညာရပ်ဖြင့် တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုမည့် ကိုယ်ပိုင်လုပ်ငန်းတစ်ခု ဖန်တီးဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ပခုက္ကူမြို့၊ သီဟိုဠ်ရှင်စေတနာ (အခမဲ့) ဆေးခန်းနှင့် အရေးပေါ် လူနာတင်ယာဉ် ကူညီမှု အဖွဲ့ဝင်များစုပေါင်း၍ ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက် မှ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီ (၁၄) ရက်အထိ သင်တန်းကာလ (၂) လကြာ အခမဲ့ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။
ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)