ပွင့်ဖြူ ဇန်နဝါရီ ၁၆
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် သမ္မာဆန္ဒကရုဏာရှင်များ နာမှုကူညီရေးပရဟိတအသင်း၏ ဦးဆောင်မှုဖြင့် သွားနှင့် ခံတွင်းဆိုင်ရာ သွားဘက်ဆရာဝန် ဒေါက်တာနွေပွင့်ကျော်မောင် က ဇန်နဝါရီ ၁၅ ရက်နေ့က စတင်ကာ မြို့နယ်အတွင်းရှိ သွားနှင့် ခံတွင်းရောဂါခံစားနေရသည့် ဒေသခံပြည်သူများကို အခမဲ့ ဆေးဝါးကုသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် သမ္မာဆန္ဒကရုဏာရှင်များနာမှုကူညီရေးအသင်းအနေဖြင့် မြို့နယ်အတွင်းရှိ ဒေသခံ ပြည်သူများ၏ သာရေး၊ နာရေးနှင့် ကျန်းမာရေးကိစ္စများအပြင် သဘာဝဘေးအန္တရာယ် ကူညီထောက်ပံ့ရေး လုပ်ငန်းများကို ပြည်သူ့အကျိုးပြု ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထို့အပြင် ဒေသခံပြည်သူများ သွားနှင့်ခံတွင်းရောဂါနှင့် ပတ်သက်ပြီး လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုခံယူနိုင်ရန်နှင့် သက်ရှည် ကျန်းမာစွာနေထိုင်သွားနိုင်ရန် ရည်ရွယ်၍ သွားဘက်ဆိုင်ရာ ဆရာဝန် ဒေါက်တာနွေပွင့်ကျော်မောင်၏ ပံ့ပိုးကူညီမှုဖြင့် အသင်းရုံးတွင် ယာယီဆေးခန်းဖွင့်လှစ်ပြီး ဒေသခံပြည်သူများကို သွားနှင့် ခံတွင်းရောဂါ အခမဲ့ ဆေးဝါးကုသဆောင်ရွက်ပေးနေကြောင်း အဆိုပါ သမ္မာဆန္ဒကရုဏာရှင်များ နာမှုကူညီရေးအသင်းနာယက ဦးဌေးဝင်းထံမှ သိရသည်။
“ကျွန်တော်တို့မြို့နယ်က ဒေသခံပြည်သူတွေ သွားနှင့် ခံတွင်းရောဂါဝေဒနာကို အဆင်ပြေစွာ ကျန်းမာ ရေး စောင့်ရှောက်မှုခံယူနိုင်ရန်အတွက် ရည်ရွည်ပြီးတော့ ဇန်နဝါရီ ၁၅ ရက်နေ့ကစပြီး အသင်းရုံးမှာ ယာယီဆေးခန်း ဖွင့်လှစ်၍ သွားနှင့် ခံတွင်းရောဂါ အခမဲ့ ဆေးဝါးကုသ ဆောင်ရွက်ပေးနေပါတယ်။ ဆေးကုသမှု အပိုင်းကတော့ အပတ်စဉ် စနေ နဲ့ တနင်္ဂနွေ (၂)ရက် ဆေးခန်းဖွင့်လှစ်ပြီးတော့ ကုသဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ဆေးခန်းဖွင့်လှစ်နိုင်အောင် ပံ့ပိုးကူညီပေးတဲ့ သွားဘက်ဆိုင်ရာဆရာဝန် ဒေါက်တာနွေပွင့်ကျော်မောင်ကိုလည်း အသင်း ကိုယ်စား ကျေးဇူးတင်ပါတယ်။
ဒေသခံပြည်သူများအနေဖြင့် သွားနှင့်ခံတွင်းရောဂါနှင့် ပတ်သက်ပြီး ဆေးဝါး အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့မှာ လာရောက်ဆေးဝါးကုသမှုခံယူနိုင်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် သမ္မာဆန္ဒ ကရုဏာရှင်များနာမှုကူညီရေးအသင်းမှ ဘဏ္ဍာရေးမှူး ဦအောင်မျိုးဆက်က ပြောသည်။
ရဲဝင်းနိုင် ( ညောင်ဦး )