ကျောက်တံခါး ဇန်နဝါရီ ၁၆
ပဲခူးတိုင်းဒေသကြီး ၊ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် အာသောကာရုံတောရကျောင်းတိုက် ပဓာန နာယကဆရာတော်၏တပည့် သာမဏေကျော်ဘွဲ့ရ အရှင်ဥက္ကံသာလင်္ကာရ" ပထမ ဂုဏ်ထူး"၏ "ဂုဏဝိသိဋ္ဌပူဇော်ပွဲ"ကို ယမန်နေ့နံနက် ၉ နာရီအချိန်က စာတိုက်ရပ်ကွက်ရှိ အသောကာရုံတောရကျောင်းတိုက်တွင် ပြုလုပ်သည်။
ပူဇော်ပွဲအခမ်းအနားတွင် တက်လာကြသော သံဃာတော်အရှင်မြတ်များနှင့် သူတော်ကောင်း အပေါင်းတို့က နမောတဿသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး ပဲခူးမြို့ သာမဏေကျော်စာသင်တိုက် ဦးစီးပဓာန မဟာနာယကဆရာတော်က ငါးပါးသီလချီးမြှင့်တော်မူသည်။ ဆက်လက်၍ သာမဏေကျော်ဘွဲ့ရ အရှင်ဥက္ကံသာလင်္ကာရအား ရှစ်လုံးဘွဲ့ကဗျာ၊ပိုဒ်စုံရတု၊ ထုတိထောမနာ ဂါထာတော်များဖြင့် ပူဇော်ကြပြီး
ပဲနွယ်ကုန်းမြို့ တောရကြီးကျောင်း ပဓာနနာယကဆရာတော်က သာမဏေကျော်ဘွဲ့ရ အရှင် ဥက္ကံလင်္ကာရ၏ အတ္တုပ္ပတ္တကို ဖတ်ကြားတော်မူသည်။
ထို့နောက် တက်ရောက်လာကြသော ဧည့်ပရိသတ်များက ဆရာတော်သံဃာတော် အရှင်မြတ်များနှင့် ဘွဲ့ရအရှင်ဥက္ကံလင်္ကာရအား လှူဘွယ်ပစ္စည်းများဖြင့် ဆက်ကပ်လှူဒါန်းကြပြီး ပဲခူးမြို့ သာမဏေကျော်ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန မဟာနာယက ဆရာတော်က ရေဆက်သွန်းချ အနုမောဓနတရားချီးမြှင့်တော်မူ၍ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌထု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
စန်းစန်း(ပြန်/ဆက်)