ကျုံပျော် ဇန်နဝါရီ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်း ဦးစီးဌာနတို့ ပူးပေါင်းကာ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားဖွားသော အသက်(၂)နှစ် အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့သည့် အစီအစဉ် (MCCT)သင်တန်းပို့ချခြင်းကို မြို့နယ်ဧရာမင်းခန်းမ၌ ဇန်နဝါရီ ၁၄ ရက် မွန်းလွဲ ၁ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇေယျမင်းက ယခု သင်တန်းတက်ရောက်သူများအနေဖြင့် ယခုလုပ်ငန်းစဉ်နှင့် ပတ်သက်၍ မိမိတို့ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာခွဲတစ်ခုချင်းအလိုက် စာရင်းဇယားများ တိတိကျကျ ကောက်ယူဖို့ လိုအပ်ကြောင်း၊ အခက်အခဲများရှိပါကလည်း သက်ဆိုင်ရာ ဦးစီးဌာနသို့ ချိတ်ဆက် မေးမြန်းဆောင်ရွက် ကြစေလိုကြောင်း ဖြင့် အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်လဲ့ဝါလင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး၊ MCCT အစီအစဉ် ထောက်ပံ့မှုများအား လွယ်ကူချောမွေ့စွာ ထုတ်ယူနိုင်ရန် ထောက်ပံ့ငွေ ထုတ်ယူနိုင်သည့်နည်းလမ်း (၃) မျိုးအား ရှင်းလင်းပြောကြားကာ၊ ဌာနတာဝန်ရှိသူ တစ်ဦးက စာရင်းဇယား ကောက်ယူမှုနှင့်ပတ်သက်သည့် အချက်အလက် ဖြည့်သွင်းပုံ နည်းစနစ်အား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်/ကျေး စာရေးဝန်ထမ်း (၉၇)ဦး တက်ရောက်ခဲ့ပြီး၊ ကျုံပျော်မြို့နယ်တွင် ယခင်နှစ်က ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားးသော အသက်(၂)နှစ်အောက် ကလေး (၄၄၂၁)ဦးကို တစ်လလျှင် (၁၅၀၀၀/-)ကျပ်နှုန်းဖြင့် (၃)လ တစ်ကြိမ် ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)