မုံရွာ ဇန်နဝါရီ ၁၅
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့်အတူ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးသည် ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မုံရွာမြို့ပေါ်ရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း လုပ်ငန်းရှင်များနှင့် တွေဆုံ၍ မုံရွာမြို့နယ်အတွင်း အကြမ်း ဖက်မှုများ တားဆီးကာကွယ်နိုင်ရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေအား သိရှိလိုက်နာနိုင်ရေး တွေ့ဆုံရှင်းလင်းပွဲကို ယနေ့မွန်းလွဲ (၁) နာရီအချိန်က မုံရွာမြို့ စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးက အကြမ်းဖက်သောင်းကျန်းသူများ သည် မုံရွာမြို့အတွင်း အကြမ်းဖက် လုပ်ငန်းများဆောင်ရွက်ရန်အတွက် လူနေအိမ်တိုက်ခန်းများ၊ ဟိုတယ်များ၊ တည်းခိုခန်းများကို ငှားရမ်းနေထိုင်ပြီး ဆောင်ရွက်လာနိုင် ကြောင်း၊ သို့ဖြစ်ရာ အကြမ်းဖက်သောင်းကျန်းသူများအား လက်ခံထားပါက လက်ခံထားရှိသည့် ပိုင်ရှင်များကိုပါ အကြမ်းဖက်မှု တိုက်ဖျက် ရေးဥပဒေဖြင့် တရားစွဲဆိုခံရမည်ဖြစ်၍ လုပ်ငန်းရှင်များနစ်နာမှု မရှိစေရေး တွေ့ဆုံမှာ ကြားရခြင်းဖြစ်ကြောင်းနှင့် ဟိုတယ်၊ မိုတယ်၊ တည်ခိုးခန်းလုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာမှ သတ်မှတ်ထုတ် ပြန်ထားသည့် စည်းကမ်းများအတိုင်း အလေးထား၍ အားလုံးပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်ပြီး ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ပြစ်မှုပြစ်ဒဏ်များအကြောင်းကို လည်းကောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များအနေဖြင့် ထူးခြားမှုတစ်စုံတစ်ရာ တွေ့ရှိပါက တာဝန်ရှိသူများထံ အချိန်နှင့်တပြေးညီ ဆက်သွယ်သတင်းပေးပို့ပြီး အားလုံး ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ မြို့ရွာအေးချမ်းသာယာမှုရှိမှသာလျှင် မြို့နယ်အတွင်းရှိ မိဘပြည်သူများ၊ လုပ်ငန်းရှင်များ၏ လုပ်ငန်းများ အဆင်ပြေချောမွေ့အောင် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်နိုင်မှသာလျှင် မိမိတို့မြို့နယ် စည်ပင်သာယာဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း တက်ရောက် လာကြသူများအား အသိပေးရှင်းလင်းပြောကြားသည်။
ထို့နောက် ဟိုတယ်/မိုတယ်နှင့် တည်းခိုခန်းလုပ်ငန်းရှင်များမှ လတ်တလောတွေ့ကြုံရသည့် အခက်အခဲများအား ဆွေးနွေးတင်ပြခဲ့ကြပြီး ဆွေးနွေးမှုများအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက တာဝန်ရှိ သူများနှင့်အတူ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းပေးခဲ့ ကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)