ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲကျင်းပ

ဘားအံ  ဇန်နဝါရီ  

၂၀၂၂ ခုနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီး ကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက နေပြည်တော်တွင် ကျင်းပမည့်တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း ပြိုင်ပွဲသို့  ကရင်ပြည်နယ် ကိုယ်စားပြုအသင်းဝင်ရောက် ယှဉ်ပြိုင်နိုင်ရေးအတွက် ယခုပြိုင်ပွဲကို ကျင်းပပေးခြင်းဖြစ်ကြောင်း၊ ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအနေဖြင့် မိမိတို့ ကိုယ်စားပြုမြို့နယ်အသင်းများ အောင်မြင်မှုရရှိရေး ကြိုးစားယှဉ်ပြိုင်ကြ စေလိုကြောင်း၊ ပြည်နယ်ကိုယ်စားပြု အားကစားသမားများကို ရွေးချယ်ရာတွင် အကောင်းဆုံးရွေးချယ်ပေးကြဖို့ တိုက်တွန်းလိုကြောင်း၊ ကရင်ပြည်နယ်အေရိုးဗစ်အသင်းသည် အောင်မြင်မှုအစဉ်အလာရှိသည့် အသင်းတစ်သင်းဖြစ်သည်နှင့်အညီ ယခုနှစ်ကျင်းပမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲကို အဆင့်မီမီဖြင့် အောင်မြင်မှုရရှိအောင် ကြိုးစားလေ့ကျင့်ယှဉ်ပြိုင် ကစားသွားကြရန် လိုအပ်ပါ ကြောင်း စသည်ဖြင့် တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲဝင်အသင်း(၇)သင်းအား ငွေကျပ် (၅၁)သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ပြီး အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြကာ ကွင်း အတွင်းမှ ပြန်လည်ထွက်ခွာကြပြီး ပြိုင်ပွဲ အားစတင်ကျင်းပသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲကို ဇန်နဝါရီလ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့ထိ ၂ ရက်ကြာကျင်းပသွားမည်ဖြစ်ပြီး အမျိုးသမီး(၅)ယောက်တွဲ ပြိုင်ပွဲ၊ (၃)ယောက်တွဲပြိုင်ပွဲနှင့် တစ်ဦးချင်းပြိုင်ပွဲဟူ၍ ပြိုင်ပွဲအမျိုး အစားသုံးမျိုးကျင်းပသွားမည်ဖြစ်ကာ ဆုရရှိသူများအား ထိုက်ထိုက်တန်တန်ဆုများပေးအပ်ချီးမြှင့် သွားမည်ဖြစ်သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီးခင်ဇော်နှင့် တာဝန်ရှိသူများသည် ဘားအံမြို့ရှောင်လမ်း အပိုင်း(၂) သုံးမြောင့်လ မ်းဆုံမှ ကမော့ကစင်ကျေးရွာ ဘုန်းတော်ကြီး ကျောင်းလမ်းဆုံထိ ၂ ဒသမ ၇၇၅ ကီလိုမီတာ ပေတစ်ရာ အကျယ် တစ်ကြောင်းထိုးအပေါ်ယံမြေသားလမ်း ဆောင်ရွက်ပြီးစီးခြင်းနှင့် တာဘောင်ဖို့ မြေသား လမ်းဆောင်ရွက်ခြင်းလုပ်ငန်းတို့ကို  သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်လမ်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးနန်းမြင့်အောင်နှင့် တာဝန်ရှိသူများက လမ်းလုပ်ငန်းဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များလမ်းညွှန် မှာကြား သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်နယ်စည်ပင်သာယာရေအဖွဲ့မှ ဆောင်ရွက်လျက်ရှိသော ဘားအံမြို့အဝင် ကျောက်စီရေမြောင်း တည်ဆောက်ရေးလုပ်ငန်းခွင်နှင့် ကရင်ပြည်နယ်၊ ဘားအံမြို့၊ မြို့အဝင်မုခ်ဦး တည်ဆောက်ရေးလုပ်ငန်းခွင်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ ပြီး လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)