ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းရှိ ဆင်များအတွက် ဆင်စာဘူဖေး ကျွေးမွေးလှူဒါန်းနိုင်

မင်းဘူး ဇန်နဝါရီ ၁၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ မန်းရွှေစက်တော်ဘုရားကြီးအနီး ပဒေါင်း-ပျော်ဘွယ် ကြိုးပြင် ကာကွယ်တောအတွင်းရှိ ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းမှ ဆင်များအတွက် ဆင်စာဘူဖေး ကျွေးမွေးလှူဒါန်းနိုင် ကြောင်း ဆင်စခန်းတာဝန်ခံ လက်ထောက် မန်နေဂျာဦးလှသန်းထံမှ သိရသည်။

“ဆင်စခန်းမှာက ဆင်(၁၁)ကောင်ရှိတယ်။ ဆင်စာအခက်အခဲကတော့ ရွှေစက်တော်ဘုရား ပွဲတော်ချိန်ကာလပြီးလို့ နွေဘက် ရာသီဥတု ခြောက်သွေ့ချိန်လောက်ပဲ ခက်ခဲပြီး မိုးနဲ့ဆောင်းကတော့ ဆင်စာကျက်မြေ ကျယ်ဝန်းတဲ့အတွက် ဆင်ထိန်းတွေနဲ့အတူ တောထဲကို လွှတ်ကျောင်းထားရ ပါတယ်။ ဆင်စာကို Online ကနေလည်း ဆက်သွယ်ပြီး လှူဒါန်းကျွေးမွေးနိုင်သလို ကိုယ်တိုင် လာရောက်ကျွေးချင်တယ်ဆိုရင်လည်း ကြိုတင်ပြီးချိတ်ထားမယ်ဆိုရင် အဆင်သင့်ကျွေးနိုင်အောင် ပြင်ဆင်ပေးပါတယ်။ ကိုဗစ်-၁၉ ရောဂါကြောင့် ယာယီပိတ်ထားတဲ့ ကာလတွေမှာ ဆင်တွေလိမ်မာ ယာဉ်ကျေးစေဖို့နဲ့ ဆင်တွေနဲ့အတူ ကပြဖျော်ဖြေတင်မှုများစွာ ဆောင်ရွက်နိုင်စေဖို့အတွက် ဆင်ထိန်း တွေနဲ့ ဆင်ဝန်ထမ်းတွေက လေ့ကျင့်သင်ကြားမှုတွေကို အမြဲမပြတ်ဆောင်ရွက်နေပါတယ်” ဟု ဆင်စခန်းတာဝန်ခံ လက်ထောက်မန်နေဂျာ ဦးလှသန်းက ပြောသည်။

အဆိုပါ ဆင်စခန်းတွင် ဆင်ထီး(၄)ကောင်၊ ဆင်မ (၇)ကောင်၊ စုစုပေါင်းဆင် (၁၁)ကောင်ရှိပြီး ဆင်စခန်းများ ယာယီပိတ်ထားစဉ် ကာလအတွင်း ဆင်ချစ်သူများက Online မှတဆင့် ဆင်စာဘူဖေး လှူဒါန်းကျွေးမွေးကြကြောင်း၊ ဆင်စာဘူးဖေး ကျွေးမွေး လိုသူများအနေဖြင့် ငွေကျပ် ၃၀၀၀၀ မှစပြီး ၅၀၀၀၀ ကျပ်နှင့် ၁၀၀၀၀၀ ကျပ်နှုန်းဖြင့် သတ်မှတ်ထားကာ မိမိတို့တတ်နိုင်သောနှုန်းထားဖြင့် Online မှတဆင့် ဆက်သွယ်လှူဒါန်းကျွေးမွေးနိုင်သလို ကိုယ်တိုင်လာရောက်ပြီး ကျွေးမွေးနိုင် ကြောင်း၊ ဆင်စာအဖြစ် ကြံ၊ ပြောင်းဖူး၊ ငှက်ပျောသီး၊ ဖရုံသီး၊ ဖရဲသီး၊ သခွားသီးနှင့် နေဗီယာမြက် များကို ဝယ်ယူကျွေးမွေးရပြီး အဓိကဖြည့်စွက်စာအဖြစ် ဆေးနှင့် စပါးများကိုလည်း ကျွေးမွေးရကြောင်း၊ ဆင်စခန်း ယာယီပိတ်ထားစဉ်ကာလနှင့် အလှုရှင် နည်းပါးချိန်တွင် ဆင်များကို ကြိုပြင်ကာကွယ်တောအတွင်းရှိ စာကျက်မြေများတွင် ဆင်ထိန်းများဖြင့် လွှတ်ကျောင်းထား ရကြောင်း၊ ဆင်စားများ လှူဒါန်းကျွေးမွေးလိုပါက ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်း Facebook Page နှင့် ဆင်စခန်းတာဝန်ခံ လက်ထောက်မန်နေဂျာ ဦးလှသန်း၊ ဖုန်းနံပတ် (၀၉-၄၀၁၅၆၂၀၈၃) ထံသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)