ခါမ်းပါတ် ဇန်နဝါရီ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ၂၀၂၂ ခုနှစ် ယမန်နေ့ မွန်းလွဲပိုင်းက စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် စာပေချစ်မြတ်နိုးသူတစ်ဦးဖြစ်သည့် ဒေါ်ပပဝင်းက ကိုကိုလင်း (အမေ့အိမ်) ရေးသားသည့် လူကြီးတွေက စပြင်ပါစာအုပ်မှ လောကကို အကောင်းမြင်ကြည့်ခြင်း စာစုဖြင့် ဆွေးနွေးခဲ့ပြီး ဒေါ်ခင်မာအေး ကဆုလာဘ်ထွန်းရေးသားသည့် ညစ်မိုးနှင့် အခြားစာစုများ စာအုပ်မှ ဆင်းရဲနွမ်းပါးသော် လည်း အကျင့်စာရိတ္တကောင်းမွန်သော ညစ်မိုး ဆိုသော လူငယ်လေး၏ အကြောင်းကို ဆွေးနွေးသွားခဲ့ကြသည်။
အဆိုပါစာဖတ်ဝိုင်း ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍လည်း "ကျွန်မတို့က ကိုယ့်အချင်းချင်း ပြောကြဆိုကြ ဆွေးနွေးကြတာမျိုးရှိပေမယ့်သည်လို အများရှေ့ထွက် ပြောရမှာမျိုးကျတော့ လူရှိန်တယ်ပေါ့...ခုလိုမျိုး စာဖတ်ဝိုင်းတွေမှာ ပြောကြဆိုကြရင်းနဲ့ လူအများနဲ့ ပြောဆိုဆွေးနွေးတဲ့ အကျင့်ကောင်းတွေ အခြေတည်လာမှာဘဲ ဖြစ်ပါတယ်"ဟု ဒေါ်ပပဝင်းမှ ပြောပါသည်။
ယနေ့ပြုလုပ်သည့် စာဖတ်ဝိုင်းသို့ စာပေချစ်မြတ်နိုးသူ ( ၇)ဦး တက်ရောက်ခဲ့ကြပြီး စာဖတ်ဝိုင်းကို လစဉ်ဆောင်ရွက်နိုင်ရေး၊ မိမိတို့ ဖတ်ရှုလေ့လာ မှတ်သားမိသည့် အကြောင်းအရာများကို အချင်းချင်း ပြန်လည်မျှဝေနိုင်ရေးနှင့် စာပေချစ်မြတ်နိုးသူများ တိုးတက်များပြားလာစေရေးတို့အတွက် ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်သွားကြရန်တို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သားငယ်(ခါမ်းပါတ်)