ဘားအံ ဩဂုတ် ၂၅
ကရင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် နိုင်ငံရေးပါတီများအနေ့ဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပရနိုင်ရေး ပြင်ဆင်မှုတစ်ခုအနေဖြင့် ညှိနှိုင်းမှုများရရှိစေခြင်း၊ နာလည်မှုများရစေခြင်းစသည့် ရည်ရွယ်ချက်များဖြင့် ယနေ့နံနက် (၉) နာရီက ကရင်ပြည်နယ်၊ ဘားအံမြို့ တော်ဝင်ရတနာဟိုတယ်တွင် ကရင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ကရင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ မန်းကျော်ဝင်းမောင်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ဆွေးနွေးပွဲအား ဦးဆောင်ကျင်းပသည့် Danish Institute for Parties Democracy (DIPD) မှအစီအစဉ်များ ညှိနိုင်းရေးမှူး ဦးကျော်သူရက တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်ပြီး ရှင်း လင်းပြောကြားပြီး ကရင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမောင်မောင်နိုင်က ရွေးကောက်ပွဲလုပ်ငန်းစဉ်များနှင့် စပ်လျဉ်းပြီး ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏လမ်းညွှန်ချက်များ၊ ရွေးကောက်ပွဲဆိုင်ရာပြစ်မှု၊ ပြစ်ဒဏ်များ၊ ရွေးကောက်ပွဲကုန်ကျစရိတ်များကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကရင်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့် နိုင်ငံရေးပါတီများက ထပ်မံသိလိုသည်များအား မေမြန်းခြင်းဖြေကြားခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းနှင့် အဆိုပါဆွေးနွေးပွဲသို့ ကရင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီ (၁၆) ပါတီမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်ဆက်)