မင်းဘူး ဇန်နဝါရီ ၁၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ မန်းရွှေစက်တော်ဘုရားကြီးအနီး ပဒေါင်း-ပျော်ဘွယ် ကြိုးပြင်ကာကွယ်တောအတွင်း၌ တောတောင်ရေမြေနှင့် စိမ်းစိုသာယာ လှပသော သဘာဝရှုခင်းအလှများကိုအခြေခံပြီး မြန်မာ့သစ်လုပ်ငန်း၊ မင်းဘူးသစ်ထုတ်ရေးဒေသ၊ ဆင်ထိန်းသိမ်း စောင့်ရှောက်ရေးအခြေပြု ခရီးသွားလုပ်ငန်းမှ ပြည်တွင်း/ပြည်ပ ခရီးသွားများအား ဆွဲဆောင်နိုင်စေရန်နှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ထားသည့် ရွှေစက် တော်မန်းချောင်း အပန်းဖြေဆင်စခန်းကို ပြန်လည်ဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေကြောင်း ဆင်စခန်းတာဝန်ခံ လက်ထောက်မန်နေဂျာ ဦးလှသန်းထံမှ သိရသည်။
အဆိုပါ အပန်းဖြေဆင်စခန်းကို မန်းရွှေစက်တော် ဘုရားသို့သွားရာ (၈)မိုင် လမ်းဘေးရှိ ပဒေါင်း-ပျော်ဘွယ် ကြိုးပြင်ကာကွယ်တောအတွင်း၌ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့က စတင် ဖွင့်လှစ်ခဲ့ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၅ ရက်နေ့မှ ယနေ့အချိန် အထိ ယာယီပိတ်ထားခဲ့ရကြောင်း၊ ယခုအခါ မန်ရွှေစက်တော်ဘုရားပွဲတော် ဖွင့်ပွဲနှင့်အတူ ပြန်လည် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
“ဆင်စခန်း ပြန်လည်ဖွင့်လှစ်ချိန်မှာ ခရီးတိုဆင်စီးရင် တောတောင်ရေမြေနဲ့ စိမ်းစိုသာယာ လှပတဲ့ သဘာဝရှုခင်းအလှတွေကို ကြည့်ရှုခံစားနိုင်စေဖို့နဲ့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းအားလုံး ဆောင်ရွက်ပေးနိုင်ဖို့အတွက် ယာယီပိတ်ထားစဉ်ကာလမှာ ကိုဗစ်စည်းကမ်းချက်တွေနဲ့အညီ ကြိုတင် ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါတယ်။ ပတ်ဝန်ကျင် သန့်ရှင်သာယာလှပဖို့နဲ့ စိမ်းလန်း စိုပြည်စေဖို့ အရိပ်ရအပင်နဲ့ ပန်းအလှပင်တွေကိုလည်း တိုးချဲ့စိုက်ပျိုးထားပါတယ်။ ဆင်စခန်း ပြန်လည်ဖွင့်လှစ် ချိန်မှာ မန်းချောင်းဘေး ဆင်များနှင့်အတူ ရေချိုးရင်းအပန်းဖြေနိုင်စေဖို့ ယာယီတံတား၊ တည်း ကျောင်းနဲ့ အလှဆင်တာတွေကို ပြင်ဆင်ဆောင်ရွက်နေပါတယ်”ဟု ဆင်စခန်းတာဝန်ခံ လက်ထောက် မန်နေဂျာ ဦးလှသန်းက ပြောသည်။
ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းကို ဖွင့်လှစ်ချိန်အဖြစ် နေ့စဉ် နံနက် ၇ နာရီမှ ညနေ ၆ နာချိန်ထိ သတ်မှတ်ထားကြောင်း၊ ဆင်ထီး(၄)ကောင်၊ ဆင်မ (၇)ကောင်၊ စုစုပေါင်း ဆင် (၁၁)ကောင်ရှိပြီး ပြည်တွင်းခရီးသွား တစ်ဦးလျှင် ဆင်စခန်းဝင်ကြေး ၁၀၀၀ ကျပ်နှင့် ခရီးတိုဆင်စီးခ ၅၀၀၀ ကျပ်နှုန်း၊ ပြည်ပနိုင်ငံခြားသားတစ်ဦးလျှင် ဝင်ကြေး ၁၀၀၀၀ ကျပ်နှင့် ခရီးတိုဆင်စီးခ ၁၀၀၀၀ ကျပ်နှုန်း၊ တည်းခိုဆောင်အနေဖြင့် ဘန်ဂလို(၁၁)လုံးရှိပြီး တည်းခိုဆောင် တစ်လုံးအတွက် တစ်ရက်လျှင် ငှားရမ်းခ ၃၀၀၀၀ ကျပ်နှုန်း အသီးသီး သတ်မှတ်ထားကြောင်း သိရသည်။
မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်း အပါ အဝင် မြန်မာ့သစ်လုပ်ငန်း၊ သစ်ထုတ်ရေးဌာန၊ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးအခြေပြု ခရီးသွား လုပ်ငန်း Elephant Conservation Based Tourism (ECBT) စခန်း (၂၂)ခုကို ဖွင့်လှစ်ထားရှိကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)