မင်းဘူး ဇန်နဝါရီ ၁၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ စကုမြို့မဈေးသစ်ကို ကျပ်သိန်း ပေါင်း (၆၀၀၀)ဖြင့် အကုန်ကျခံကာ အသစ်ပြန်လည်တည်ဆောက်ခဲ့ပြီး ရာနှုန်းပြည့်တည်ဆောက် ပြီးစီ၍ ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်း စကုမြို့မဈေးတွင် ရောင်းချနေသူတစ်ဦးထံမှ သိရသည်။
စကုမြို့မဈေးသစ်ကြီးကို အသစ်ပြန်လည်တည်ဆောက်နိုင်ရန်အတွက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာ ရေးနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အထွေထွေပိုလျှံရန်ပုံငွေမှ ခွင့်ပြုငွေကျပ် သိန်းပေါင်း (၆၀၀၀)ဖြင့် ၂၀၂၁ ခုနှစ်၊ မေလ ၁၂ ရက်နေ့တွင် စကုမြို့ဈေးအဟောင်းဆိုင်ခန်းများကို ဖျက်သိမ်းခဲ့ပြီး ဈေးအင်္ဂါရပ်နှင့်အညီ ဆောက်လုပ်ရေးလုပ်ငန်းပေါင်း (၂၇)ခုဖြင့် အသစ်ပြန်လည် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာမှူး ဦးထွန်းကိုကိုထံမှ သိရသည်။
“ဈေးသစ်ကြီးတည်ဆောက်ရေလုပ်ငန်းအားလုံး ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်နေ့မှာ ရာနှုန်းပြည့်ပြီးခဲ့တဲ့အတွက် အောက်တိုဘာ ၁၄ ရက်နဲ့ ၁၅ ရက်နေ့မှာ ရောင်းကုန် အမျိုးအစားအလိုက် အများရှေ့မောက်မှာ ပွင့်လင်းမြင်သာစွာ မဲစနစ်နဲ့ နေရာချထားပေးခဲ့ပြီး၊ နိုဝင်ဘာ ၁ ရက်နေ့မှာ ဈေးစတင်ရောင်းချခွင့်ပြုခဲ့တာပါ။ ဈေးသစ်ကြီးဖွင့်ပွဲကို ယခုလ ၁၀ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပြီး မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေတက်ရောက် ဖွင့်လှစ်ပေးခဲ့ပါတယ်”ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းနိုင်ကပြောသည်။
အဆိုပါ ဈေးသစ်ကြီးတွင် ဈေးခေါင်းရုံး (၁)ရုံး၊ ဈေးရုံကြီး (၄)ရုံ၊ ပျံကျဈေးရုံအသေး (၆)ရုံ၊ ပျံကျဈေးရုံအလတ် (၂)ရုံနှင့် မှတ်ပုံတင်ဆိုင်ခန်းပေါင်း (၂၅၆)ခန်း ပါဝင်ပြီး ကုန်ခြောက်ဆိုင်၊ ကုန်မျိုးစုံဆိုင်၊ မြေအိုးဆိုင်၊ ပန်းဆိုင်၊ အထည်ဆိုင်၊ ကုန်စိမ်းဆိုင်၊ မုန့်ဆိုင်၊ ဆန်ဆိုင်၊ ကြက်သားတန်း၊ ငါးတန်း၊ အမဲရုံနှင့် ဝက်ရုံ စသဖြင့် သတ်မှတ်နေရာ အသီးသီးတွင် ဖွင့်လှစ်ရောင်းချခွင့်ပေးခဲ့ပြီး ဒေသခံများက ဈေးရောင်း/ဈေးဝယ် ပြုလုပ်လျက်ရှိကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)