ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် မိုးညိုမြို့နယ်၊ဘုရားဖြူချောင်းကူး ကွန်ကရစ်တံတားဖွင့်ပွဲတက်ရောက်ဖွင့်လှစ်

မိုးညို      ဇန်နဝါရီ   ၁၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ အိုးဘိုကျွန်းအုပ်စုရှိ၊ ဘုရားဖြူ ချောင်းကူး ကွန်ကရစ်တံတား ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်( ၁၀)နာရီက ကျင်းပပြုလုပ်သည်။

ဖွင့်ပွဲအခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကားပြောကြားပြီး ကျေးရွာကိုယ်စားပြုရပ်မိရပ်ဖ ဦးတင်အောင်က ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်ကျော်လူက တံတားဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းကလက်ခံရယူခဲ့သည်၊ ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း၊ လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး လှမျိုးရွှေ၊ ပဲခူတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာ ဝန်ကြီး ဦးအောင်မင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးမောင်ကြည်တို့က ဘုရားဖြူချောင်းကူးကွန်ကရစ်တံတားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အမှတ်တရ စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

 အဆိုပါ ဘုရားဖြူချောင်းကူးကွန်ကရစ်တံတားသည် အရှည်(၂၈၀)ပေ၊ ယာဉ်သွားလမ်း အကျယ်(၂၀)ပေရှိ ကွန်ကရစ်တံတားအမျိုးအစားဖြစ်ပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဟန်သီရိ ကုမ္ပဏီမှ တာဝန်ယူကာ ဘုရားဖြူချောင်းပေါ်၌ တည်ဆောက်ထားသော ချောင်းကူးကွန်ကရစ်တံတား တစ်ခု ဖြစ်ကြောင်း သိရှိရသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၀န်ကြီးချုပ်နှင့် တက်ရောက်လာသော ဧည့်သည်တော်များက ဘုရားဖြူ ချောင်းကူးကွန်ကရစ်တံတားပေါ်သို့ ဖြတ်သန်းကြည့်ရှုခဲ့ကြပြီး အိုးဘိုကျွန်းကျေးရွာရှိ ဒီပါဧဆုတောင်းပြည့်ဘုရားကြီးကျောင်း၌ ကျောင်းတိုင်ဆရာတော်အားလှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၏ တည်ဆောက်ရေး(၃)၊ လမ်းအထူးအဖွဲ့(၁၄)မှ တာဝန်ယူဆောင်ရွက်နေသည့် လက်ပံတန်း-မိုးညို-နတ္တလင်းသွားလမ်း အဆင့်မြှင့်တင်တိုးချဲ့ ဆောင်ရွက်နေမှုတို့အား ကြည့်ရှုပြီးလိုအပ် သည်များ မှာကြားကာ ပြန်လည်ထွက်ခွာသွား​ခဲ့ကြောင်းသိရသည်။

 ကိုမင်း(မိုးညို)