ပွင့်ဖြူ ဇန်နဝါရီ ၁၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တစ်ဦးအသစ်ပြန်လည် ဖွဲ့စည်းနိုင်ရေးအတွက် ရွေးချယ်တင်မြှောက်ပွဲကို ဇန်နဝါရီ ၁၄ ရက် ယမန်နေ့ နေ့လည် ၂ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မုန်းသီတာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ ရွေးချယ်ရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က အဖွင့်အမှာစကားပြောကြားရာ ပွင့်ဖြူမြို့နယ်အတွင်း မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ ပူးပေါင်းပါဝင်ဆောင်ရွက်မည့် မြို့နယ်စည်ပင်သာယာရေး ကော်မတီအဖွဲ့အား အသစ်ပြန်လည် ဖွဲ့စည်းခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက မြို့နယ်စည်ပင်သာယာရေးကော်မတီ အသစ်ပြန်လည် ရွေးချယ်ခြင်းလုပ်ငန်းနှင့် စပ်လျဉ်းပြီး မဲစနစ်ဖြင့်ရွေးချယ်ပုံအဆင့်ဆင့်အားရှင်း လင်းပြောကြားသည်။
ထို့နောက် မဲစနစ်ဖြင့်ရွေးချယ်ရာတွင် ရွေးချယ်ခံပုဂ္ဂိုလ်(၇)ဦးကိုမဲပေး ရွေးချယ်ခဲ့ရာ ပွင့်ဖြူမြို့ သက်တော် ရှည်ရပ်ကွက်မှ ဦးသန်းထိုက်အောင်ကမဲ အများဆုံးရရှိ၍ ဥက္ကဋ္ဌ အဖြစ်ရွေးချယ်တင်မြှောက်ခဲ့ပြီး ပွင့်ဖြူမြို့ အလယ်ပိုင်းရပ်ကွက်မှ ဦးသိန်းနိုင်က ဒုတိယမဲအများဆုံးရရှိ၍ အဖွဲ့ဝင်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့်အဖွဲ့ဝင်များ၊ မြို့မိ၊မြို့ဖများ၏ ရှေ့မှောက်တွင် ရွေးချယ် တင်မြှောက်ခဲ့ကြကြောင်း သိရသည်။
ခင်ဝါဝါလှိုင်(ပြန်/ဆက်)