ကျွန်းလှမြို့နယ်၌ သဘာဝပိုးသတ်ဆေး ပြုလုပ်သုံးစွဲနည်း သရုပ်ပြပွဲကျင်းပ

ကျွန်းလှ ဇန်နဝါရီ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာအုပ်စု၊ ရှမ်းစုကျေးရွာ ကွင်းအမှတ် (၄၉၅) တောင်သူ ဦးနိုင်၏ ဆောင်းသီးနှံ ဟင်းသီးဟင်းရွက် (၂)ဧက စိုက်ခင်းတွင် ယနေ့နံနက် ၈ နာရီက သဘာဝပိုးသတ်ဆေး ပြုလုပ်သုံးစွဲနည်း သရုပ်ပြပွဲ ပြုလုပ်ကြောင်း သိရသည်။

“သဘာဝပိုးသတ်းဆေး၊ သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲခြင်းဖြင့်၊ ဟင်းသီးဟင်းရွက် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းပြီး ကျန်းမာရေးအတွက် ကောင်းမွန်ကြောင်း၊ သွင်းအားစုပစ္စည်းများ ဈေးမြင့်မားနေချိန် အစားထိုးအသုံးပြုနိုင်ကြောင်း၊ တောင်သူများ GAP နည်းစနစ်ကို လိုက်နာ ကျင့်သုံးကြရန်လိုကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းများက မီးဖိုချောင်သုံးပစ္စည်းများဖြင့် သဘာဝ ပိုးသတ်ဆေးနှင့် ပိုးနှင်ဆေး ပြုလုပ်သုံးစွဲပုံ အဆင့်ဆင့်ကို လက်တွေ့ပြသပြီး ဘက်စုံသီးနှံကာကွယ်ရေး (IPM) နည်းစနစ်တစ်ခုဖြစ်သည့် Yellow Sticker များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် ယခင်က ဟင်းသီးဟင်းရွက် သီးနှံများကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြသော်လည်း ယခုအခါ ချောင်းရေ၊ မြောင်းရေနှင့် မြေအောက်ရေတင်ပြီး စီးပွားဖြစ်စိုက်ပျိုးလာကြကြောင်း၊ ၂၀၂၂ ခုနှစ် ဆောင်းသီးနှံ ဟင်းသီးဟင်းရွက် အထူးဇုံ (၁၁၇)ဧက စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

မျိုးဝင်းညို