ပွင့်ဖြူ ဩဂုတ် ၂၅
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားစေရန် ကိုဗစ် - ၁၉ ကာလအတွင်း စီးပွားရေး ထိခိုက်မှုများအပေါ် သက်သာစေရေးစီမံချက် (CERP) အရ ဖွင့်လှစ်သည့် ဝက်မွေးမြူရေးသင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်ကွက်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ သန့်ဇော်ထွေးက (CERP) အရ ဝက်မွေးမြူရေးသင်တန်း ဖွင့်လှစ်သင်ကြားပေးရခြင်း၏ ရည်ရွယ် ချက်နှင့် ရရှိလာမည့်အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြား သည်။ ဆက်လက်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင်ဦး က သင်တန်းဖွင့်လှစ်သင်ကြားပေးမှုအပေါ် သင်တန်းသားများ ကိုယ်စား ကျေးဇူးတင် စကား ပြောကြားသည်။
ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသန့်ဇော်ထွေးနှင့် တာဝန်ရှိသူများက သင်တန်းတွင် ထူးချွန်ဆုရရှိသူများကို ဂုဏ်ပြုဆု ပေးအပ်ချီးမြှင့်ကာ သင်တန်းသားကိုယ်စားလှယ်တစ်ဦးထံ သင်တန်း ဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်ခဲ့ သည်။
အဆိုပါ သင်တန်းကို မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၁၇)ရွာမှ သင်တန်းသားဦးရေ ၂၀ ဦး တက်ရောက် သင်ကြားခဲ့ ကြောင်းနှင့် သင်တန်းတွင် ဝက်မွေးမြူရေးနှင့် ပက်သက်သော မျိုးစပ်ခြင်းနှင့် မျိုးပွားခြင်း ဆိုင်ရာ အချက်အလက်များ ၊ ဝက်သားပေါက် ပြုစုခြင်း နည်းလမ်းများ ၊ ဝက်မွေးမြူရေးခြံပြုလုပ်ခြင်းနှင့် သန့်ရှင်းရေး ဆိုင်ရာ အချက်အလက်များ ၊ ဝက်များတွင် ဖြစ်ပွားသော ရောဂါများ အကြောင်းနှင့် ကာကွယ်ကုသနည်းစနစ်များကို ဩဂုတ် ၂၂ ရက်မှ ၂၄ ရက်နေ့အထိ (၃)ရက်ကြာ စာတွေ့လက်တွေ့ စနစ်တကျဖွင့်လှစ် သ င်ကြား ပေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )