(၇၅)နှစ်မြောက်၊ စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

မြောင်းမြ     ဇန်နဝါရီ      ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ (၇၅)နှစ်မြောက်၊ စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နေ့လယ်(၁)နာရီခွဲက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြောင်းမြမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးကျင်စိုး (မောင်လှိုင်းသစ်-ချစ်စရာမြေ)က ကျောင်းသား၊ လူငယ်များ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက် မြက်စေရေးအတွက် “ပြည်ထောင်စု အားမာန်” ခေါင်းစဉ်ဖြင့် ဟောပြောပေးခဲ့ပါသည်။ ၎င်းနောက် တက်ရောက်လာကြသော ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှူခဲ့ကြသည်။    

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ နံရံကပ်စာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက် (၉)ရပ်၊ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း အပါအဝင် ပြည်ထောင်စုနေ့နှင့် ပတ်သက်သော အကြောင်းအရာများ၊ ကာတွန်းနှင့် ကဗျာများ ပါဝင်ကြောင်း သိရပါသည်။

စန္ဒာကြည်