မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး တောင်တွင်းကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များနှင့်တွေ့ဆုံ

တောင်တွင်းကြီး သြဂုတ်  ၂၅

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးဝေဇင်ထွန်းသည် ၂၀၂၀-ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တောင်တွင်းကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဝင်များနှင့် တွေ့ဆုံပွဲကို ယနေ့ နံနက် (၁၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ တွင် ကျင်းပပြုလုပ်ခဲ့သည်။

တွေ့ဆုံပွဲတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးဝေဇင်ထွန်းက မဲစာရင်းများ ပြည့်စုံမှန်ကန်ရေး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်းမဲပေးခွင့်ရရှိရေး၊ မဲဆန္ဒရှင်စာရင်းများမကျန်ရှိစေရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ် ကော်မရှင် အဖွဲ့ခွဲတို့မှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန်နှင့် မြို့နယ်ကျန်းမာရေး၊ မြို့နယ်ပညာရေးဌာနနှင့် ကျန်ဌာနများ အနေဖြင့်လည်း လိုအပ်သည်များ ပေါင်းစပ်ကူညီပေးသွားကြရန် မှာကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌဦးကျော်သာက တောင်တွင်းကြီး မြို့နယ်အတွင်း  မဲစာရင်းများ ပြုစုခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွတ်ခြင်း ဆောင်ရွက်မှု အခြေအနေများ၊ မဲရုံဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး တောင်တွင်းကြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက ရွေးကောက်ပွဲဆိုင်ရာ ဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးကလိုအပ် သည်များ မှာကြားခဲ့သည်။

တွေ့ဆုံပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးအရအဖွဲ့ အတွင်းရေးမှူး၊ မကွေးခရိုင်အုပ်ချုပ်ရေးမှူးနှင့်တာ၀န်ရှိသူများ၊ တောင်တွင်းကြီးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။

အေးမိုးမိုးမြင့် ( ပြန်/ဆက်)