ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၂၂ ခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် နွေနှမ်းဧက ၆၀၀၀၀ ကျော် လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်

ပွင့်ဖြူ      ဇန်နဝါရီ       ၁၅

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် ၂၀၂၂ ခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် မဲဇလီရေလွှဲဆည်ရေကို အမှီပြု၍ နွေနှမ်း ဧက ၆၀၀၀၀ ကျော် လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်းနှင့် တောင်သူများ နွေသီးနှံအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် ၂၀၂၂ ခုနှစ် မတ် ၁၅ ရက်နေ့တွင် မဲဇလီရေလွှဲဆည်မှ တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်း မြောင်းမကြီးတို့ကို စိုက်ပျိုးရေ စတင်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။

ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ တောင်သူများ ရာသီ အလိုက် သီးနှံများ အချိန်မီစိုက်ပျိုးနိုင်ရန်နှင့် စိုက်ပျိုးရေဖူလုံစေရေးအတွက် နှစ်စဉ် မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့မှ တစ်ဆင့် လယ်ယာမြေစိုက်ခင်းများ အရောက် စနစ်တကျ ဖြန့်ဝေဆောင်ရွက်ပေးလျက်ရှိရာ တောင်သူများ စိုက်ပျိုးရေလုံလောက်စွာရရှိသဖြင့် သီးနှံစိုက်ခင်းများ  အောင်မြင်ဖြစ်ထွန်းကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။ ယခု ၂၀၂၂ - ၂၀၂၃ နွေသီးနှံစိုက်ပျိုးရာသီတွင် မြို့နယ်အတွင်းရှိ တောင်သူများ သီးနှံအချိန်မီ စိုက်ပျိုးလုပ်ကိုင်နိုင်ရေးအတွက် စိုက်ပျိုးရေဖြန့်ဝေမည့်ရက်အား ဒေသခံတောင်သူများ သိရှိ နိုင်ရန်နှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် ရေလက်တံမြောင်းများအတွင်း ရေမြိတ်များနှင့် ခြုံနွယ်ပိတ်ပေါင်းများ ပိတ်ဆို့ မှုမဖြစ်စေရေး နွေသီးနှံစိုက်ပျိုးလယ်မြေများ စိုက်ပျိုးရေမျှတစွာ ရရှိရေးတို့အတွက် ရေလက်တံမြောင်းများ ရေစီးရေလာ ကောင်းမွန်အောင် ဆောင်ရွက်ထားရှိရန် အသိပေးနှိုးဆော်ထားရှိကြောင်း ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။

ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီမှာကျွန်တော်တို့ ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အနေဖြင့် မြို့နယ်အတွင်းရှိ တောင်သူများ သီးနှံအချိန်မီစိုက်ပျိုးနိုင်ရေး ကြိုတင်ပြီးတော့ တောင်သူများကို ရေလက်တံ မြောင်းများ ပိတ်ဆို့မှုမရှိအောင် ရှင်းလင်းထားကြဖို့နဲ့ လယ်ယမြေများ ပြုပြင်ဆောင်ရွက်ထားဖို့အတွက် ယခုကတည်းက ကြိုတင်ပြီး အသိပေးနှိုးဆော်ထားပါတယ်။ ခါတိုင်းနှစ်တွေက နွေသီးနှံ စပါးနဲ့ နှမ်း စိုက်ပျိုးလို့ရအောင် စိုက်ပျိုးရေ ဖြန့်ဝေ ပေးနိုင်ပေမယ့် ဒီနှစ်မှာတော့ ဆည်ရေဝင်ရောက်မှုနည်းတဲ့အတွက် နွေနှမ်းစိုက်ပျိုးရန်အတွက်ပဲ ဆည်ရေဖြန့်ဝေပေးသွားမှာ ဖြစ်ပါတယ်။ နွေနှမ်းအတွက် စိုက်ပျိုးရေဖြန့်ဝေမည့် ရက်ကိုတော့ ၂၀၂၂ ခုနှစ် မတ်လ ၁၅ ရက်နေ့မှာ စတင်ဖြန့်ဝေပေးမှာဖြစ်ပါတယ်။  ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီမှာ နွေနှမ်းလျာထားစိုက်ပျိုးဧကအနေနဲ့ မဲဇလီဆည်ရေ သောက်စနစ်နဲ့ နွေနှမ်း ၆၀၄၂၈ ဧက မင်းဘူး(စကု)မြို့နယ်က အိုင်းမဆည်ရေသောက်စနစ်နဲ့ နွေနှမ်းဧက ၅၀၀ စုစုပေါင်း နွေနှမ်းစိုက်ဧက ၆၀၉၂၈ ဧက  လျာထားစိုက်ပျိုးသွားမှာ ဖြစ်ပါတယ်ဟု ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးရဲထွဋ်အောင်က ပြောသည်။ 

ရဲဝင်းနိုင် ( ညောင်ဦး )