ပုသိမ် ဇန်နဝါရီ ၁၅
“အခြေခံငါးမွေးမြူရေးကို သိရှိကာ တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ်ငါးမွေးမြူရေးကို လုပ်ကိုင်တတ်စေရန်၊ မိမိဒေသပတ်ဝန်းကျင်ရှိ ငါးသယံဇာတကို ထိန်းသိမ်ခြင်းအားဖြင့် စဉ်ဆက်မပြတ် ငါးထုတ်လုပ် စားသုံးနိုင်ရန်အတွက်ရည်ရွယ်ပြီး” စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၊ ပုသိမ်ငါးလုပ်ငန်းစခန်း၏ အခြေခံငါးမွေးမြူရေးနှင့် ရွှေဝါငါးကြင်း သားဖောက်ခြင်း သင်တန်းဖွင့်ပွဲကို ၂၀၂၂ခုနှစ်၊ ယမန်နေ့ ညနေပိုင်းအချိန်တွင် ပုသိမ်လေတပ်စခန်းဌာနချုပ်၊ မွေးမြူရေးလုပ်ငန်းများတည်ရှိရာ ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ ပုသိမ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးအေးနိုင်၊ ပုသိမ်မြို့နယ် ငါးလုပ်ငန်းဦးစီးမှူး၊ ပုသိမ်ငါးလုပ်ငန်းစခန်းတာဝန်ခံနှင့် ပုသိမ်လေတပ်စခန်းဌာနချုပ်မှ အရာရှိ အရာခံများနှင့် ငါးမွေးမြူရေးကန်မှ တာဝန်ရှိသူများ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပုသိမ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန၊ ခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးအေးနိုင်မှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ကာ ပုသိမ်ငါးလုပ်ငန်းစခန်းတာဝန်ခံ ဦးမျိုးနိုင်ဦးမှ ငါးမွေးမြူရေး အကြောင်းများနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပြီး လေတပ်ငါး မွေးမြူရေးကန်၌ လက်တွေ့သင်ကြားပြသခဲ့ရာ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ထွန်းဝင်းနှင့် အရာရှိ အရာခံများ လာရောက် ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါသင်တန်းသို့ သင်တန်းသား(၂၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်း ကာလမှာ နှစ်ရက်ဖွင့်လှစ်တာ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမှာဖြစ်ကြောင်း သတင်း ရရှိသည်။
ခရိုင် (ပြန်/ဆက်)