ဒေးဒရဲမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေအား တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေး

ဒေးဒရဲ ဇန်နဝါရီ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ဖွံ့ဖြိုးတိုးတက်စေရေး၊ ကုန်ပစ္စည်းများသယ်ယူ ပို့ဆောင်ရေးနှင့် ပြည်သူများသွားလာမှု အဆင်ပြေစေရန်အတွက် မြို့ပေါ်ရပ်ကွက်များတွင် ကွန်ကရစ် လမ်းခင်းခြင်းနှင့် လမ်းကူးတံတား တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ယမန်နေ့ နေ့လယ်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦး၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝဏ္ဏထွန်းနှင့် တာဝန်ခံအင်ဂျင်နီယာတို့က အမှတ်(၃) ရပ်ကွက်၊ ဘုရားကြီးကွက်သစ်(ဘီ)လမ်းရှိ အရှည်(၅၃၅)ပေ၊ အကျယ်(၁၀)ပေ၊ ထု(၆)လက်မရှိ ကွန်ကရစ် လမ်းပြီးစီးမှု အခြေအနေနှင့် လမ်းကူးတံတား(၃)ခု တည်ဆောက် ပြီးစီးမှုအား သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ ပြီးစီးမှု ရှိ/မရှိ အခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါလမ်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် အောင်ပိုင်နေလင်း ကုမ္ပဏီကတင်ဒါ အောင်မြင်ခဲ့ပြီး တာဝန်ယူ ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

အေဇာလင်း(ပြန်/ဆက်)