မော်လိုက်မြို့နယ်တွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံခွင့်ရရှိစေရန် ကျေးရွာများအရောက် ကွင်းဆင်းထိုးနှံပေးလျက်ရှိ

မော်လိုက်   ဇန်နဝါရီ    ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်နိုင်စေရန်၊ ရောဂါ ဖြစ်ပွားလာပါက အသက်ဆုံးရှုံးရမှု မဖြစ်ပေါ်စေရေးနှင့် ကိုဗစ်ရောဂါကာကွယ်ဆေး လွှမ်းခြုံနိုင်စေရန် ယမန်နေ့ နံနက်ပိုင်းက Mobile Team နှင့် ကျေးရွာ(၅)ရွာတို့တွင် ကွင်းဆင်း ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မော်လိုက်မြို့နယ်တွင်းရှိ ပြည်သူများအတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးခြင်းကို ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြို့နယ်ထွေ/အုပ်ဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများက လာရောက်သူများအား စာရင်းမှတ်တမ်းရေးသွင်းခြင်း၊ ကိုယ် အပူချိန်တိုင်းတာစစ်ဆေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာစစ်ဆေးခြင်းနှင့် သွေးအတွင်း အောက်ဆီဂျင် တိုင်းတာစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး စိတ်ချရသူများအား ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးများကို စနစ်တကျ ထိုးနှံပေးခဲ့ကြ သည်။

ထိုသို့ ကိုဗစ်ရောဂါကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးခဲ့မှုအနေဖြင့် ယနေ့တွင် Mobile Team အဖွဲ့မှ ပထမအကြိမ်အနေဖြင့် ပြည်သူ(၂၂)ဦး၊ ဒုတိယအကြိမ်အနေဖြင့် ပြည်သူ(၅)ဦးကိုလည်းကောင်း၊ သရက်ပင်လယ်ကျေးရွာတွင် ပထမအကြိမ်အနေဖြင့် ပြည်သူ(၁၁၀)ဦးကိုလည်းကောင်း၊ မနူနာကျေးရွာတွင် ပထမအကြိမ်အနေဖြင့် ပြည်သူ(၂၂)ဦး၊ ဒုတိယအကြိမ်အနေဖြင့် ပြည်သူ(၁၄၀)ဦးကိုလည်းကောင်း၊ ဝါးရုံသာကျေးရွာတွင် ပထမအကြိမ် အနေဖြင့် ပြည်သူ(၅၅)ဦး၊ ဒုတိယအကြိမ်အနေဖြင့် ပြည်သူ(၃၅)ဦးကိုလည်းကောင်း၊ သာနန်းတောကျေးရွာနှင့် ခုံသာကျေးရွာတို့တွင် ပထမအကြိမ်အနေဖြင့် ပြည်သူ(၂၂)ဦး၊ ဒုတိယအကြိမ်အနေဖြင့် ပြည်သူ(၁၇၀)ဦးကိုလည်းကောင်း၊ အုတ်ဖိုကျေးရွာတွင် ပထမအကြိမ် အနေဖြင့် ပြည်သူ(၄၄)ဦး စုစုပေါင်း ပထမအကြိမ် အနေဖြင့် ပြည်သူ(၂၇၅)ဦး၊ ဒုတိယအကြိမ် အနေဖြင့် ပြည်သူ(၃၅၀)ဦးတို့ကို ထိုးနှံပေးနိုင်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးမှ သိရသည်။   

မော်လိုက်သားလေး