ဆင်ပေါင်ဝဲ ဇန်နဝါရီ ၁၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းပြီး ကိုဗစ်-၁၉ မျိုးရိုးဗီဇကွဲ (Omicron)အသိပညာပေး ဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်လင်းက (Omicron) ကိုဗစ်-၁၉ မျိုးရိုးဗီဇကွဲ ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ Dr-မွန်းစိုးရီက ကိုဗစ်-၁၉ မျိုးရိုးဗီဇကွဲ အိုမီခရွန် ရောဂါပိုးသည် ကူးစက်မှုနှုန်းအလွန်မြန်ကြောင်း၊ လက်ရှိမြန်မာနိုင်ငံတွင် (၁၃-၁-၂၀၂၂)ရက်နေ့ အထိ (Omicron)ရောဂါပိုး ကူးစက်ခံရသူ(၆၂)ဦး ရှိပြီဖြစ်ကြောင်း၊ ခံစားရသည့်ရောဂါလက္ခဏာ ဝေဒနာများနှင့် အတတ်နိုင်ဆုံး ကူးစက်မှုမရှိအောင်လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ဌာနဆိုင်ရာများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှုးများက သိလိုသည်များမေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
ချိုချိုဝင်း(ဆင်ပေါင်ဝဲ)