ကလိန်အောင် ဇန်နဝါရီ ၁၅
ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ အတွင်းရှိ အသက် (၁၈) နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံရန်ကျန်ရှိသူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်ခန့်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ စနစ်တကျထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက် (၁၈) နှစ်နှင့်အထက် (ဒုတိယအကြိမ်) ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူပြည်သူ (၄၄) ဦးတို့အား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်းနှင့်ကာကွယ်ဆေးထိုးမှတ်တမ်းရေးသွင်းခြင်းများ ဆောင်ရွက်ပေးပြီး ကျန်းမာရေး ကောင်းမွန်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စနစ်တကျထိုးနှံပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ကလိန်အောင်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက လိုအပ်သည်များကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
မိုးမိုးခိုင်