အိမ်မဲ ဇန်နဝါရီ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနက ဦးဆောင်ကျင်းပသည့် ကိုယ်ဝန်ဆောင်မိခင်များနှင့်၎င်းတို့မှမွေးဖွားလာသောအသက်(၂)နှစ်အောက်ကလေးသူငယ်များအားငွေကြေးထောက်ပံ့ခြင်းအစီအစဥ် ဆင့်ပွားသင်တန်းကို ယမန်နေ့ကဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်းသိရသည်။
အဆိုပါသင်တန်းတွင် အိမ်မဲမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်ဝေဝေထွန်းက ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက် (၂) နှစ်အောက်ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ် (MCCT) အတွက် စာရင်းသစ်ကောက်ယူရမည့် အကျိုးခံစားသူအသစ်များနှင့် အကျိုးခံစားသူအဟောင်းများအား update ပြုလုပ်ရမည့်နည်းလမ်းများအားရှင်းလင်းပြောကြားပေးခဲ့သည်။
"၂၀၂၁ ခုနှစ်၊အောက်တိုဘာ၊နိုဝင်ဘာ၊ဒီဇင်ဘာလများအတွက် အကျုံးဝင်တဲ့ကိုယ်ဝန်ဆောင် စာရင်းအသစ်များအား ပူးတွဲပါအကျိုးခံစားသူစာရင်းသွင်းပုံစံအတိုင်း ကောက်ယူရန်၊ အကျိုးခံစားခွင့်ရှိသူစာရင်းများအချက်အလက်များကို Update ပြုလုပ်ရမည့် နည်းလမ်းများ၊ ထောက်ပံ့ငွေထုတ်ယူနိုင်တဲ့နည်းလမ်း( ၃)မျိုးဖြစ်တဲ့ Wallet၊ Cash Code နှင့် Cash in Envelope စသည့်တို့နဲ့ငွေထုတ်ယူနိုင်ပြီး တိကျသေချာစွာ ဖြည့်စွက်နည်းများအား သင်ကြားပို့ချပေးခဲ့ကြောင်း"လူမှုဝန်ထမ်းဦးစီးဌာနမှမြို့နယ်ဦးစီးမှူးဒေါ်ဝေဝေထွန်းပြောကြားချက်အရသိရသည်။ အဆိုပါ သင်တန်းတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မှတာဝန်ရှိသူများ၊မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ရပ်/ ကျေးစာရေးနှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်းသိရသည်။
ချစ်သက်လယ်