ကလိန်အောင်မြို့တွင် “လူငယ်တွေလမ်းမမှားနှင့် မူးယစ်ဆေးဝါးအန္တရာယ်” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲပြုလုပ် 

ကလိန်အောင်  ဇန်နဝါရီ ၁၅ 

ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများနှင့်(Book Club) စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်း၍လူငယ်တွေလမ်းမမှားနှင့်မူးယစ်ဆေးဝါးအန္တရာယ်ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်၁၀ နာရီအချိန်ခန့်တွင် ကလိန်အောင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိလူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။ 

အဆိုပါဆွေးနွေးပွဲတွင် ကလိန်အောင်မြို့ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်မိုးမိုးခိုင်က မူးယစ်ဆေးဝါးသည် တစ်ဦးတစ်ယောက်ကိုသာ ထိခိုက်စေသည်မဟုတ်ဘဲ တိုင်းပြည်နှင့်လူမျိုးကိုပါ ပျက်စီးစေနိုင်သည့်အတွက် လူငယ်များရှောင်ရှားကြရန်၊  မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများတွင်ပူးပေါင်းပါဝင်ကြရန်နှင့်လူငယ်များအားလပ်ချိန်တိုင်း စာကောင်းပေမွန်များဖတ်ရှုကြရန် လိုအပ်ကြောင်း‌ ဆွေးနွေးပြောကြားခဲ့သည်။ 

ဆက်လက်၍ ကလိန်အောင်မြို့ စာပေချစ်သူများအသင်းဝင် ဒေါ်ခက်ခက်မိုးက ရှောင်လေဝေးဝေး မူးယစ်ဆေးခေါင်းစဉ်ဖြင့်လည်း‌ကောင်း၊ ‌ဦးသူရလင်းမောင်က တန်ဖိုးရှိလှလူငယ်ဘဝ မူးယစ်ကင်းစင်ကျန်းမာမှ ခေါင်းစဉ်ဖြင့်လည်းကောင်း၊  ဒေါ်မိုးမိုးအေးက မူးယစ်အန္တရာယ် ပြည့်ရန်စွယ် ကာကွယ်တိုက်ဖျက် လက်ချင်းယှက် ခေါင်းစဉ်ဖြင့်လည်းကောင်းအသီးသီး ဆွေးနွေးခဲ့ကြသည်။ 

ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆက်ရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ဆွေးနွေးပွဲများ၊ စာဖတ်ဝိုင်းများကို ဖွဲ့စည်းထားသော Club အဖွဲ့များနှင့်လည်းကောင်း၊ စာပေဝါသနာရှင်များနှင့်လည်းကောင်း လစဉ်ပြုလုပ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

မိုးမိုးခိုင်