တောင်တွင်းကြီး ဇန်နဝါရီ ၁၄
ပန်းခင်းစီမံချက်ဖြင့်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့နံနက်(၉)နာရီက ဝက္ကသေးကျေးရွာအုပ်စု၊ ဝက္ကသေး ကျေးရွာဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ခိုင်ထွန်းက အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်(၂) ဦးလှသောင်းက ရပ်ကွက်/ကျေးရွာများမှ အိမ်ထောင် စုလူဦးရေသန်းခေါင်စာရင်းကောက်ခံရေး လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ သည်၊၊
ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ထူးက ပန်းခင်းစီးမံချက်ဖြင့် ရပ်ကွက်/ ကျေးရွာများအလိုက် လုပ်ငန်းများဆောင်ရွက် ပြီးစီးမှုအခြေအနေများကိုတင်ပြဆွေးနွေးကြသည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောမောင်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာမှ မြို့နယ်ဦးစီးမှူးဦးခုတ်မွန်းလျန်၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မျိုးအေးတို့က ရပ်ရွာအေးချမ်းသာယာရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ လုံခြုံရေး၊ ကုန်ထုတ်လမ်းများဖောက်လုပ်နိုင်ရေး၊ ကျေးရွာအတွင်း လမ်းတံတားများ ကောင်းမွန်ရေး၊ မြစိမ်းရောင်ချေးငွေရရှိရေး၊ သောက်သုံးရေရရှိရေး၊ ကျေးရွာခြင်းဆက်လမ်းများ ကောင်းမွန်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးစသည့်ဌာနအလိုက် လုပ်ဆောင်ရမည့် လုပ်ငန်းများ အပေါ်ဆွေးနွေးပြောကြားပြီး ကျေးရွာပြည်သူများ၏ သိရှိလိုသည့် မေးမြန်းချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ဦးနိုင်၀င်း
မြို့နယ်(ပြန်/ဆက်)