လောင်းလုံး သြဂုတ် ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေး နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က လောင်းလုံးမြို့နယ် အောက်ကျောက်ဝပ်ကျေးရွာအုပ်စု၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၊ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန် ရည်ရွယ်၍ အသက် (၁၈) နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသူများအား ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင် ရာ လောင်းလုံးမြို့နယ် ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်ထံမှသိရှိရပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အောက်ကျောက်ဝပ်ကျေးရွာအုပ်စုမှ လူဦးရေ (၈၅) ဦးနှင့် အိမ်ထောင်စုလူဦးရေစာရင်း (၁၅) စုတို့အား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ပြုလုပ်ဆောင်ရွက်ပေးလျက် ရှိသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ လောင်းလုံးမြို့နယ် ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်နှင့်ဝန်ထမ်းများ၊ NRC အဖွဲ့မှ စောအယ်နေသား၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့မှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သိန်းသိန်း(ပြန်/ဆက်)