ပခုက္ကူမြို့နယ်တွင် ခရမ်းကြွပ်သီးအပါအဝင် တစ်ပိုင်တစ်နိုင်ဟင်းသီးဟင်းရွက်များ စိုက်ပျိုးလုပ်ကိုင်ခြင်းဖြင့် နှစ်စဉ်မိသားစု အပိုဝင်ငွေရရှိ

ပခုက္ကူ ဇန်နဝါရီ ၁၄

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကျွန်းဦးကျေးရွာတွင်  ခရမ်းကြွပ်သီးအပါအဝင် တစ်ပိုင်တစ်နိုင်ဟင်းသီးဟင်းရွက်များစိုက်ပျိုးလုပ်ကိုင်ခြင်းဖြင့် နှစ်စဉ်မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။  

ခရမ်းသီးကြွပ်သီးပင်ကို မိုးဦးကျကာလဖြစ်သည့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလဆန်းပိုင်းမှစတင်စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး နှစ်စဉ်(၀ဒသမ၂၀)ဧကရှိကြောင်း၊ ပျိုးပင်များမှာ ယခင်နှစ်က စိုက်ပျိုးခဲ့သည့်ခရမ်းကြွပ်သီးမျိုးဖြစ်ပြီး တစ်လသက်တမ်းရှိ ပျိုးပင်ပေါင်း (၈၀၀)ကျော်ပြန်လည်စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးသီးနှံများအောင်မြင်ဖြစ်ထွန်းရေးအတွက် ရေသွင်းခနှင့်ဓာတ် မြေဩဇာထည့်စရိတ်အပါအဝင် အရင်းအနှီးအားလုံး တစ်သိန်းကျော်ရှိကြောင်း၊ ခရမ်းကြွပ်သီးမှာ စိုက်ပျိုးပြီးသုံးလအကြာတွင် စတင်ခူးဆွတ်ရောင်းချနိုင်ကြောင်း၊ ယခင်နှစ်တွင်လည်း ဧက(၀ဒသမ၂၀) စိုက်ပျိုးထားပြီး ၁၉ပိဿာထွက်ရှိကာ တစ်ပိဿာ လျှင် ငွေကျပ်၈၀၀ ဖြင့်ရောင်းချရသောကြောင့် ခရမ်းကြွပ်သီးစိုက်ပျိုးလုပ်ကိုင်ခြင်းမှ အမြတ်ငွေ ငါးသိန်းကျော်ရရှိခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း အမြတ်ပိုမိုရရှိမည်ဟုမျှော်လင့်ထားကြောင်း၊  ကျေးရွာတွင်း ခရမ်းကြွပ်သီးပင်စိုက်ပျိုးလုပ်ကိုင်သူနည်းပါး ပြီး တစ်ရွာလုံးပေါင်း တစ်ဧကလောက်သာရှိကြောင်း၊ ခရမ်းကြွပ်သီးအပြင် နှစ်စဉ်မိသားစုအပိုဝင်ငွေရရှိစေရန်အတွက်  ငရုတ်၊ ပဲရှည်သီး၊မုန့်ညှင်းစသည့်အခြားဟင်းသီးဟင်းရွက်များလည်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း ပခုက္ကူမြို့နယ်၊ ကျွန်းညိုကြီးကျေးရွာအုပ်စု၊ ကျွန်းဦးကျေးရွာမှ တောင်သူဦးခင်အောင်က ပြောပြသည်။

 

ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)