ဇီးကုန်းမြို့နယ်တွင်  ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်​ရေး အသိပညာပေးခြင်းနှင့် mask campaign ပြုလုပ်

ဇီးကုန်း ဇန်နဝါရီ ၁၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွန်မှုဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် mask  campaign ပြုလုပ်ခြင်းကို ယနေ့နံနက်  ၈ နာရီက လူစည်ကားရာ ရန်ကုန်-ပြည်ကားလမ်း မီးပွိုင့်လမ်းဆုံ၌ ပြုလုပ်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊  မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ကာကွယ်နိုင်ရေးအတွက် နေအိမ်ပြင်ပသို့ သွားလာရာတွင် ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို မဖြစ်မနေ စနစ်တကျ တပ်ဆင်ရန်၊ လက်ကိုမကြာခဏဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရန်နှင့် ဟောင်းနွမ်း maskကို မတပ်ဆင်ကြရန်တို့ကို အသိပညာပေးပြောကြားပြီး၊ ပါးစပ်နှင့်နှာခေါင်းစည်း (mask )  မပါသူများကို ယခုဝယ် ယခုတပ်စနစ်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်တွင် ပြည်သူများအနေဖြင့်  ကျန်းမာရေးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များကို ဆက်လက်လိုက်နာ ဆောင်ရွက်သွားရန် လိုအပ်သည့်အတွက် လူစည်ကားရာနေရာများတွင် အသိပညာပေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှသိရသည်။

တင့်ဆွေ(ပြန်ဆက်)