ပြည်မြို့လေးဆူဓာတ်ပျော်ရွှေဆံတော် စေတီတော်မြတ်ကြီးရင်ပြင်၌ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီူမှူး၍(ပထမ)အကြိမ်မဟာ ဆေးပဋ္ဌာန်း ရွတ်ဖတ်ပူဇော်လှူဒါန်းပွဲ ကျင်းပ

ပြည် ဇန်နဝါရီ ၁၄

ပြည်မြို့လေးဆူဓာတ်ပျော်ရွှေဆံတော် စေတီတော်မြတ်ကြီးရင်ပြင်တော် ဗုဒ္ဓမြတ်စွယ်တော်တိုက်၌ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီူမှူးကျင်းပသော (ပထမ)အကြိမ် မဟာဆေးပဋ္ဌာန်းရွတ်ဖတ်ပူဇော်လှူဒါန်းပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ရွေဆံတော်ဂေါပကအဖွဲ့ အလှည့်ကျဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်သည်။

ပထမဦးစွာ ဩဝါဒါစရိယဆရာတော်ကြီးများ အမှူးပြုသောဧည့်ပရိတ်သတ် အပေါင်းတို့က နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်‌တော့၍ အခမ်းအနား စတင်ဖွင့်လှစ်ပြီး ပဋ္ဌာနဘာဏကဆရာတော် ပြည်မြို့ဝိသုဒ္ဓာရုံကျောင်းတိုက်မှ ဦးတေဇောဓနက ရောင်ခြည်တော်ဖွင့်ဂါထာဖြင့် ဘုရားပင့်ဆောင်တော်မူကာ ရွှေဆံတော်ဗုဒ္ဓပူဇနိယအဖွဲ့မှ ဦးလှမြင့်က သမ္မာဒေဝနတ်ဗြဟ္မာများအား ပဋ္ဌာန်းတရားတော် နာကြားရန် ဖိတ်ကြားသည်။

ဆက်လက်၍ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနာဂဝံသ ဝိသုဒ္ဓါရုံဗာရာဏသီ ဆရာတော်ကြီးထံမှ ဧည့်ပရိတ်သတ် အပေါင်းတို့က ငါးပါးသီလခံယူဆောက်တည်၍ ဩဝါဒကထာနာယူပြီး ဩဝါဒါစရိယဆရာတော်ကြီးများထံ တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများက ဩဝါဒါစရိယဆရာတော်ကြီးများထံ အလှူတော်ငွေနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ပဋ္ဌာနဘာဏကဆရာတော် ဦးဣန္ဒာစာရက ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်မည့်အကြောင်း ဖတ်ကြားလျှောက်ထားပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်များက ပဋ္ဌာန်း(ပစ္စယုဒ္ဒေသ) ပါဠိတော်ကို သုံးကြိမ်ရွတ်ဆို၍ မဟာဆေးပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ စတင်ဖွင့်လှစ်ခဲ့ကြောင်းနှင့် အဆိုပါမဟာဆေးပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲကို ပဋ္ဌာနဘာဏကဆရာတော်များက ဇန်နဝါရီ ၁၄ ရက်မှ ၁၇ ရက်အထိ သုံးရက်တိုင်ရွတ်ဖတ်ပူဇော်မည်ဖြစ်ကြောင်း  မဟာဆေးပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ‌ကျင်းပရေး ကော်မတီထံမှသိရသည်။

ကိုဆက်(ပြန်/ဆက်)