ပိုင်ကျုံမြို့တွင် စားသုံးရန်မသင့်သည့် လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်းများရောင်းချမှုမရှိစေရေးကွင်းဆင်းစစ်ဆေး

ပိုင်ကျုံ ဩဂုတ် ၂၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်းရှိ စားသုံးသူပြည်သူများ အကာအကွယ်ပေးရေးအတွက် စားသုံးရန်မသင့်သည့် စားသောက်ကုန်ပစ္စည်းများနှင့် သုံးစွဲရန်မသင့်သည့် လူသုံးကုန်ပစ္စည်းများရောင်းချမှုမရှိရေး ပိုင်ကျုံမြို့ ဌာနဆိုင်ရာ၀န်ထမ်းများနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့သို့စစ်ဆေးရာတွင် ပိုင်ကျုံမြို့အတွင်းရှိ အမှတ်(၁၊ ၂၊ ၃၊ ၄)ရပ် ကွက်များရှိ ဈေးဆိုင်များတွင် ပြည်သူများ စားသုံးရန်မသင့်သည့် အန္တရာယ်ရှိသော စားသောက်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး၊ စားသောက်ကုန်ပစ္စည်းများကို သတ်မှတ်စံချိန်စံညွန်းများ၊ လုပ်ထုံးလုပ်နည်းဥပဒေများနှင့်အညီ ရောင်းချနိုင်ရေးနှင့် အန္တရာယ်ရှိသော စားသောက်ကုန်များရောင်းချ‌မှုရှိ‌နေပါက ကျခံရမည့်ပြစ်မှုပြစ်ဒဏ်များအကြောင်းကို သက်ဆိုင်ရာတာ၀န်ရှိသူ များက အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့ ဌာနဆိုင်ရာ၀န်ထမ်းများနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့တို့သည် ပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် စားသုံးရန်မသင့်သည့်စားသောက်ကုန်များအား မြို့ပေါ်ရပ်ကွက်များအပြင် ကျေးရွာများအထိ သက်ဆိုင်ရာ ‌ကျေးရွာအုပ်ချုပ်ရေးမှုးများနှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

ပိုင်ကျုံ(ပြန်/ဆက်)