အထက်မင်းလှ ဇန်နဝါရီ ၁၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်းပြီး အိုမီခရွန် (Omicron)အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါပိုးများ သတိပြုကာ မိမိကစ၍ကာကွယ်ပါ အသိပညာပေး ပိုစတာစိုက်ထူ ခြင်းကို ယနေ့နံနက်(၉)နာရီက မင်းလှမြို့အဝင် တြိဂံလမ်းဆုံ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးပိုစတာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို အကြိမ်ပြည့် မပျက်မကွက်ခံယူပါ၊ ကိုဗစ်-၁၉ ရောဂါကို မိမိကစ၍ကာကွယ်ပါ၊ လူတစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေပါ၊ ပါးစပ်နှင့်နှာခေါင်းစည်းတပ်ဆင်ပါ၊ ချောင်းဆိုးနှာချေလျှင် တံတောင်ဆစ်ကွေးနှင့်အုပ်၍ဆိုးပါ၊ ပြတင်းပေါက်များကိုဖွင့်ထားပါ၊ လက်ကိုစက္ကန့် (၂၀)ကြာဆေးကြောပါ၊ တတ်နိုင်သမျှအိမ်မှာနေပါ၊ လူစုလူဝေးရှောင်ပါ၊ သံသယလက္ခဏာခံစားရလျှင် ကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်ပါ၊ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံမှုခံယူခြင်းနှင့် ကာကွယ်ရေးနည်းလမ်းများကို လိုက်နာခြင်းဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများ၊ ကိုဗစ်-၁၉ ရပ်တန့်ဖို့ ရောဂါကာကွယ်ရေးနည်းလမ်းများကို အားလုံး ဆက်လက်လိုက်နာပူးပေါင်း ဆောင်ရွက်ကြပါစို့ စသည့် အသိပညာပေးစာစောင်များပါရှိကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)