နတ်မောက် ဇန်နဝါရီ ၁၄
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် စူပါဘိုကာရှီ မြေဆွေးပုံ များ လက်တွေ့ပြုလုပ်ပြသခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တောင်သူများပူးပေါင်း၍ နည်းပညာပေး လက်တွေ့ပြုလုပ်ပြသခဲ့သည်။
နတ်မောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်းရာသီသီးနှံစိုက်ခင်းများတွင်ဓာတ်မြေဩဇာလျှော့ချ၍ သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနိုင်ရေးအတွက် စူပါဘိုကာရှီ မြေဆွေးများအား နတ်မောက်မြို့နယ်ဘက်စုံ အဆင့်မြင့်နည်းပညာသုံးကျေးရွာအုပ်စုဖြစ်သည့် အင်းကုန်းကျေးရွာအုပ်စု၊ အင်းကုန်းကျေးရွာရှိ ဆောင်း ရာသီဟင်းသီးဟင်းရွက်စိုက်ခင်းများတွင်ထည့်သွင်းအသုံးပြုသွားမည်ဖြစ်သည်။
ထိုသို့ စူပါဘိုကာရှီမြေဆွေးပုံများ လက်တွေ့ပြုလုပ်ပြသခြင်းဖြင့် တောင်သူများသဘာဝမြေဩဇာတိုးချဲ့ အသုံးပြုလာစေရန်၊ မြေဩဇာဘိုးကုန်ကျမှုသက်သာစေရန်၊ တောင်သူများလက်တွေ့လိုက်ပါ ပြုလုပ်လာ စေရန် ယခုလိုတောင်သူအသိပညာပေး ပြုလုပ်ပြသရတာဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုထံမှသိရသည်။ သင်းသင်းမြတ်
သင်းသင်းမြတ်