ကော့ကရိတ်မြို့၌ ပန်းခင်းစီမံချက်နှင့် ပတ်သက်သည့် အသိပညာပေးဟောပြောပွဲ ကျင်းပ

ကော့ကရိတ်   ဇန်နဝါရီ ၁၄

ကရင်ပြည်နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ကော့ကရိတ်ခရိုင်ရုံးမှ ကြီးမှူးကျင်းပသည့် ပန်းခင်း စီမံချက်နှင့် ပတ်သက်သည့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ် (၅)ရပ်ကွက်  ရေလယ်ကုန်းရပ် ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအက် (စ်) လင်းရောင်က   ပန်းခင်းစီမံချက်သည် နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရေး၊ နိုင်ငံသားဂုဏ်သိက္ခာနှင့်အညီ နေထိုင်စေရေးစသည့် ရည်ရွယ်ချက်များဖြင့် မိမိတို့ဌာနမှ ရပ်ကွက်/ ကျေးရွာအုပ်စုများအလိုက် အိမ်ထောင်စု စာရင်းမရှိသည့် ပြည်သူများနှင့် အသက် ၁၆ နှစ်နှင့် ၁၈ နှစ်အကြား၊ အသက် (၁၈)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်မရှိသေးသည့် ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်များ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊  ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေ စာရင်းများ ပြုလုပ်ရာတွင် ပြည်သူများအား လက်ရှိဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်း ရှိပြီး ကိုင်ဆောင် လက်မှတ်မရှိသူများ၊ လက်ရှိဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းမရှိ၊ ကိုင်ဆောင် လက်မှတ်မ ရှိသူများ၊ ရွှေ့ပြောင်း​နေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာ ရင်းရှိသော်လည်း လက်ရှိဒေသတွင် ကိုင်ဆောင် လက်မှတ်မရှိသူများနှင့် ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ် ရှိသေးသူများဟု အမျိုးအစား (၄) မျိုးခွဲ၍ ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့နောက် လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းဝင်းအောင်က ပြည်သူ များအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစိရေးကတ်များ ကွင်းဆင်းပြုလုပ်ရာတွင် ပါရှိရမည့် အထောက်အထားများ၊ နိုင်ငံသား စိစစ်ရေး ကတ်၏ အသုံးဝင်မှုနှင့် ပျောက်ဆုံး/ပျက်စီးမှု မရှိစေရေး စနစ်တကျ ကိုင်တွယ်အသုံးပြုရမည့် နည်းစနစ်များနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ်ရာတွင် ပါရှိရမည့် အထောက်အထားများနှင့် ပတ်သက်၍ အသေးစိတ်ကို ရှင်းလင်း ပြောကြားသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကျေးလက်နေပြည်သူ (၆၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

စောအောင်မျိုးလွင် (ပြန်/ဆက်)