ဘိုကလေး ဇန်နဝါရီ ၁၄
ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ရောက်ရှိမည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြို့မ အောက်ပိုင်း ဘောလုံးကွင်းတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲနှင့် ကွင်းဖွင့်ပွဲ အခမ်းအနားအား ယမန်နေ့နေ့လည်(၂)နာရီ၌ စတင် ကျင်းပသည်။
ဖွင့်ပွဲ အခမ်းအနားတွင် ပြိုင်ပွဲဝင် အားကစားသမားများမှ ကွင်းအတွင်း စနစ်တကျ နေရာယူကာ နိုင်ငံတော်အလံနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဉက္ကဌအား အလေးပြုပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးမှ အားကစားစိတ်ဓာတ် အခြေခံ၍ အမျိုးသားရေး စိတ်ဓာတ်များဖြင့် ယှဉ်ပြိုင် ဆော့ကစားကြရန်နှင့် မြို့နယ် လက်ရွေးစင် အားကစားသမားများ အဖြစ်မှ နိုင်ငံဂုဏ်ဆောင် အားကစားသမားများအဖြစ် ဖြစ်ထွန်းအောင်မြင်ရေး ကြိုးစား ဆောင်ရွက်ရန် အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ အားကစားသမားများမှ အားကစားသစ္စာအဓိဌာန်(၄)ချက် ရွတ်ဆိုပြီး စစ်ကြောင်း ပုံစံဖြင့် ချီတက်အလေးပြုခဲ့ကြကြောင်း၊ ဘောလုံးပြိုင်ပွဲအား ဇန်နဝါရီ(၁၃)ရက်မှ ဖေဖော်ဝါရီ (၇)ရက်အထိ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ ဟိုင်းစီကျေးရွာ၊ ဆတ်ကျွန်းကျေးရွာ၊ မင်းဂံ ကျေးရွာ၊ ပဝိန်ကျေးရွာ၊ ကျွန်းညိုကြီးကျေးရွာ၊ ဘုရားချောင်းကျေးရွာ၊ မြင်းကကုန်းကျေးရွာ၊ စိန်ဟိုင်းကျေးရွာ၊ ဒေါင့်ကြီးကျေးရွာ၊ သကံဝကျေးရွာ၊ မဂူကျေးရွာ၊ ကဒုံကနိကျေးရွာ၊ ဟေမာန် ကျေးရွာ၊ ညီနောင်ဝကျေးရွာ၊ သာပေါင်းကျေးရွာ၊ ဖိုးဒီကွဲကျေးရွာ၊ သပြုကုန်းကျေးရွာ စသည့် ကျေးရွာအသင်း(၁၇)သင်း ပါဝင်ယှဉ်ပြိုင်ကြကြောင်းနှင့် ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အားကစားသမားများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြကြောင်း သိရသည်။
မိုးစက်