ဒေးဒရဲမြို့၌ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးကျင်းပ

ဒေးဒရဲ   ဇန်နဝါရီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊  အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။    

အဆိုပါအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးကျော်ကျော်က ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံရန် ကျန်ရှိသူ မရှိစေရေး​ တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်နိုင်ရေး၊ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများ သန့်ရှင်းသာယာလှပရေး အပတ်စဥ်သန့်ရှင်းရေး စုပေါင်းဆောင်ရွက်ရန်နှင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအားရှင်းလင်း ဆွေးနွေးမှာကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်  ဗိုလ်မှူးမွန်မြတ်သူစိုးက လုံခြုံရေးကိစ္စရပ်များနှင့် ပတ်သက်၍ စီမံဆောင်ရွက်ထားမှုများအား ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်စိုးက ပန်းခင်းစီမံချက်အရ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကျေးရွာများသို့အရောက် ကွင်းဆင်းဆောင်ရွက်ပေးသွားမည့် အခြေအနေများကို လည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက  နွေစပါးစိုက်ပျိုးရန်အတွက် သွင်းအားစု ဓာတ်မြေဩဇာ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးမှာကြားပြီး တက်ရောက်လာသူများ၏ တင်ပြချက်များကို တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်းသိရသည်။ ညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။ 

အေဇာလင်း