ဆင်ပေါင်ဝဲ ဇန်နဝါရီ ၁၄
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ်၊ ရွာလင်းကျေးရွာအတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေး အတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေးနှိုးဆော်မှုလုပ်ငန်းကို ယမန်နေ့နံနက် (၉)နာရီ က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းပြီး အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါ နှိုးဆော်ချက်များတွင် အခြားသူများထံသို့ သွားရောက်လည်ပတ်ခြင်း မပြုကြရန်၊ အရာဝတ္ထုပစ္စည်းများကို ကိုင်တွယ်ပြီးတိုင်း လက်ကိုစနစ်တကျ ဆပ်ပြာဖြင့် ဆေးကြောရန်၊ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို လက်ဖြင့်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ကြရန်၊ အပြင်သွားပါက နှာခေါင်းစည်းများ တပ်ဆင်ရန်၊ ကျန်းမာရေးဝန်ကြီးဌာန က အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်သော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ပေးကြပါရန်၊ မိမိတို့၌ ရောဂါပိုးရှိသည်ဟု သံသယဝင်ပါကနီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်ပြီး ဆေးကုသမှုခံယူကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကွင်းဆက်ပြတ်တောက်စေရန်အတွက် မိဘပြည်သူများအားလုံး ပူးပေါင်းပါဝင်ပေးကြပါရန်နှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်သည့် အချက်များကို ကျေးရွာအတွင်း လှည့်လည်၍ Hand Speaker ဖြင့် အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ချိုချိုဝင်း