ကရင်ပြည်နယ် ပိုင်ကျုံမြို့ မဲသပုံ-ကွီးကျယ် ရေတံခွန်ထိ ရွာချင်းဆက်မြေလမ်း (၂)မိုင်အား ကတ္တရာလမ်းခင်းခြင်း လုပ်ငန်း(၇၅)ရာခိုင်းနှုန်းခန့် ဆောင်ရွက်ပြီးစီး

ပိုင်ကျုံ  ဇန်နဝါရီ  ၁၄

ကရင်ပြည်နယ်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ပြည်သူများ၏ လူနေမှုဘဝ သွားလာရေးအဆင်ပြေစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ မဲသပုံ-ကွီးကျယ် ရေတံခွန်ထိ ရွာချင်းဆက်မြေလမ်း (၂)မိုင်အား ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းကို နို၀င်ဘာလ ၂၁ရက်နေ့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယနေ့တွင်မူ (၇၅)ရာခိုင်နှုန်းခန့်ထိ ဆောင်ရွက်ပြီးစီး‌နေပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ လမ်းသည်  ပိုင်ကျုံမြို့ ထန်းတပင်ကျေးရွာအုပ်စုအတွင်းရှိ ထန်းတပင်ကျေးရွာ-မဲသပုံ ကျေးရွာ-ကွီးကျယ်ကျေးရွာမှ ကွီးကျယ်ရေတံခွန်သို့ဆက်သွယ်ထားသည့်လမ်းဖြစ်ပြီး အရှည် ၂မိုင်ရှိ မြေလမ်းအား ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် ပထမ၆လပတ်အတွင်း ကရင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံငွေကျပ် (၅၁၅.၂၀၀)သန်းဖြင့် အကောင်အထည်‌ဖော် ဆောင်ရွက်လျက်‌ရှိကြောင်း၊ ယင်းလမ်းခင်းခြင်းကို ဘောနော်ထူးကုမ္ပဏီမှ တာ၀န်ယူ ဆောင်ရွက်ပြီး လုပ်ငန်းများ အချိန်မီပြီးနိုင်ရေးအတွက် ကရင်ပြည်နယ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာ၀န်ရှိသူတို့က အနီးကပ်ကြီးကြပ်မှု ဖြင့် ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ကတ္တရာလမ်း‌‌ခင်းခြင်းလုပ်ငန်းများ ပြီးစီးပါက ပိုင်ကျုံမြို့အတွင်းရှိ ဒေသခံပြည်သူများ အနေဖြင့် ဥတုသုံးပါးလုံး အဆင်ပြေလွယ်ကူစွာ သွားလာနိုင်သည့်အပြင် ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပိုမိုလွယ်ကူ အဆင်‌ပြေလာမည်ဖြစ်ကြောင်း သိရသည်။

ပိုင်ကျုံ (ပြန်/ဆက်)