သာယာဝတီ ဇန်နဝါရီ ၁၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေချစ်မြတ်နိုးတန်ဖိုးထားသူများ အသိပညာဗဟုသုတ ပိုမိုတိုးပွားလာစေရန် နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချနိုင်စေရန် ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (မြို့နယ်စာရေး ဆရာအသင်း) နှင့် ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်ရွှေဝါဖူးက ပြည်သူများအနေဖြင့် အသက်အရွယ်အလိုက် စာအုပ်စာစောင်များအား ဖတ်ရှု လေ့လာပြီး ဗဟုသုတအတွေးအမြင်များရရှိပြီး ကိုယ်တိုင်စဉ်းစား ဆုံးဖြတ်တတ်သော အတွေး အခေါ်အမြော်အမြင်များ ရရှိလာစေရေးနှင့် စာအုပ်စာစောင်းများကို လေ့လာဖတ်ရှုတတ်သော အလေ့အကျင့်ကောင်းများ ရရှိလာစေရေးအတွက် ရည်ရွယ် ၍ စာဖတ်ဝိုင်းများကို အစဉ်အမြဲ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း ပြောကြားသည်။
ဆက်လက်ပြီး စာရေးဆရာမ ခင်စောတင့် ရေးသားသည့် ဆုံးဖြတ်ဖို့ ခက်ခဲနေမယ်ဆိုရင် စာအုပ်ပါ အကြောင် းအရာများကို မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးထွန်းထွန်းလင်း (ပန်းတကာမောင်ထွန်း)က "ပျော်ရွှင်စရာကမ္ဘာ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အတွင်းရေးမှူး မိုးသည်းအောင်(ပန်းမြေ)က "ရိုးသားဖြောင့်မတ်သော" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အဖွဲ့ဝင် ကျော်ကျော်ဦး (ဒါးဘီး)က "ဘဝထဲကအပြုသဘော မဆောင်တာတွေကိုဖယ်ရှားပါ" ခေါင်းစဉ် များဖြင့် ဆွေးနွေးရာ စာပေချစ်မြတ်နိုးသူ ဝါသနာရှင်များက အပြန်အလှန် ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
သန့်ဇော်