မင်းဘူး ဇန်နဝါရီ ၁၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီးတွင် တည်ဆောက်လျက်ရှိသော ဓါတ်လှေကားတာဝါဆောက်လုပ်နေမှု လုပ်ငန်းများအားလုံး ၉၀ ရာခိုင်နှုန်းခန့် တည်ဆောက်ပြီးစီးနေပြီဖြစ်ကြောင်း ဓါတ်လှေကားဆောက်လုပ်ရေးကုမ္ပဏီ Project မန်နေဂျာ ဦးသန်းလွင်ထံမှ သိရသည်။
ဓါတ်လှေကားတာဝါ (Lift Tower နှင့် Walk Way Bridge) တည်ဆောက်ရေး Phase-1 အပိုင်းကို ယခုလက်ရှိ ဓာတ်လှေကား ဘုံဆောင်အမိုး မိုးရန်ပြင်ဆင်နေပြီး လျောက်လမ်းတွင် မြန်မာမှုလက်ရာ ပန်းဆွဲအလှဆင်ခြင်းလုပ်ငန်းများနှင့် နတ်လမ်းတည်ဆောက်နေကြောင်း၊ လျောက်လမ်းကြမ်းခင်း တာရာစိုခင်းခြင်း၊ ဓာတ်လှေကားအတွင်းအပြင် ဆေးသုတ်ခြင်း၊ မျက်နှာကျက် မီးလိုင်းသွယ်တန်း တပ်ဆင်ခြင်း၊ ဓါတ်လှေကားပတ်ဝန်းကျင် ကျောက်စီ မြေကာနံရံနှင့် ရေမြောင်းတည်းဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေကြောင်း၊ ဓါတ်လှေ ကားအိမ် တည်ဆောက်ရေး Phase-1 အပိုင်းအနေဖြင့် အချောသတ်လုပ်ငန်းများအားလုံး ယခု ဇန်နဝါရီလကုန်တွင် ပြီးစီးမည်ဖြစ်ပြီး ယနေ့အထိ ၉၀ ရာခိုင်နှုန်းနီးပါ ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း Kyaw Thar Engineering Construction Group ကုမ္ပဏီမှ Project မန်နေဂျာ ဦးသန်းလွင် က ပြောသည်။
မန်းရွှေစက်တော်ဘုရား ဓါတ်လှေကားတာဝါကို Phase-1 အဖြစ် နှစ်ကျိပ်ရှစ်ဆူစေတီတော် အနီးမှ ကိုးခန်းကြီးဘုရားအထိ (အလျား ပေ ၂၁၀ x အမြင့် ၁၁၉ ပေ x အကျယ် ၁၂ ပေ) ရှိပြီး ဘုရားကြီး ဘဏ္ဍာငွေမှ ခွင့်ပြုငွေကျပ်သိန်းပေါင်း (၁၆၀၀၀)ခန့်ဖြင့် တည်ဆောက်နေကြောင်း၊ ဓာတ်လှေကား Phase-2 အပိုင်းကို AGT ကုမ္ပဏီက စပိန်နိုင်ငံထုတ် Orona ဓာတ်လှေကားအမျိုးအစား Lift Tower နှစ်စင်းကို ခွင့်ပြုငွေကျပ်သိန်းပေါင်း (၂၃၀၀)ခန့်ဖြင့် အတက်နှင့် အဆင်းဟူ၍ တပ်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဓာတ်လှေကားတစ်စင်းကို လူ(၂၀)နှုန်းဖြင့် စုစုပေါင်း လူ(၄၀) လိုက်ပါစီးနင်းနိုင်မည်ဖြစ်ပြီး ဓါတ်လှေကားတည်ဆောက်ရေးလုပ်ငန်းအားလုံး ဖေဖော်ဝါရီလကုန်တွင် ပြီးစီးနိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ ဓာတ်လှေကားပြီးစီးသွားပါက သက်ကြီးဘိုးဘွားများ၊ ကလေးသူငယ်များနှင့် မသန်စွမ်းသူများအပြင် ဘုရားဖူးမိဘပြည်သူများ အနေဖြင့် အလွယ်တကူ တက်ရောက်ဖူးဖြော်နိုင်မည်ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။
မောင်မောင်(မင်းဘူး)