လောင်းလုံးမြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါပိုး ကြိုတင် ကာကွယ်ရေးအသိပေးနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်း Mask များ အခမဲဖြန့်ဝေ

လောင်းလုံး   ဇန်နဝါရီ     ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွါးမှုမဖြစ်ပေါ်စေရေးနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ(အိုမီခရွန်) ရောဂါပြန့်ပွါးမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ကြရန် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့၊ နံနက်(၈)နာရီခွဲ အချိန်က လောင်းလုံးမြို့ပေါ်ရပ်ကွက်အတွင်း အသိပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။

အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါနှင့်စပ်လျဉ်း၍ ဗီဇပြောင်းမျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန် ကူးစက်ပျံ့နှံ့မှု နိုင်ငံအရေအတွက် ပိုမိုများပြားလာပြီး မိမိတို့နိုင်ငံတွင်လည်း ကူးစက်မှု ရှိလာပြီဖြစ်ကြောင်း၊ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကို ဆက်လက်ကာကွယ်တားဆီးနိုင်ရေး သတိပြုကြရမည်ဖြစ်သော်လည်း ကြောက်စရာမဟုတ်ကြောင်း၊ မိဘပြည်သူများအနေဖြင့် လူစု လူဝေးရှောင်ရှားခြင်း၊ အပြင်ထွက်တိုင်း(Mask)ကို စနစ်တကျတပ်ဆင်ခြင်း၊ လက်ကိုဆပ်ပြာဖြင့် မကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာနေထိုင်ခြင်း စသော စည်းကမ်းများကို ဆက်လက်လိုက်နာ ကျင့်သုံးသွားကြရန် တိုက်တွန်းနှိုးဆော်ခဲ့ပြီး နှာခေါင်းစည်း Mask များကိုလည်း အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဆောင်ရွက်ရာတွင် လောင်းလုံးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သိန်းသိန်း(လောင်းလုံး)