ပွင့်ဖြူ ဇန်နဝါရီ ၁၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံရှေးဦးပြုစုနည်းနှင့် ထိခိုက်ဒဏ်ရာရှေးဦးပြုစုနည်းသင်တန်းဆင်းပွဲကို ယမန်နေ့ညနေ ၄ နာရီက ပွင့်ဖြူမြို့နယ် ကြက်ခြေနီအသင်းခွဲရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဆင်းပွဲတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့မှူး ဦးဇော်ဝင်းခိုင်က အမှာစကား ပြောကြားရာတွင်တက် ရောက်သင်ကြားခဲ့သော သင်တန်းသား ၊ သင်တန်းသူများအနေဖြင့် သင်တန်းမှလေ့လာသင်ယူခဲ့ရသည့် အခြေခံရှေးဦးပြုစုနည်းပညာနှင့် ထိခိုက်ဒဏ်ရာ အခြေခံ ရှေးဦးပြုစုနည်းပညာများကို လက်တွေ့အသုံးချပြီး မိမိရပ်ရွာ၊ မိမိမြို့နယ်အတွင်း တွေ့ကြုံလာ မည့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်ပြီး ဒေသခံပြည်သူများ၏ အသက် အိုးအိမ် စည်းစိမ် ထိခိုက်မှုလျော့နည်းစေရေးအတွက် ကူညီရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့မှူး ဦးဇော်ဝင်းခိုင် ဦးဆောင်သော ကြက်ခြေနီ တပ်ဖွဲ့ဝင်များက သင်တန်း သား၊ သင်တန်းသူများ၏ သိရှိလိုသည့် မေးမြန်းဆွေးနွေးမှုများကို ပြန်လည်ရှင်းလင်း ဖြေကြားပေးကာ စုပေါင်းအမှတ်တရ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြ သည်။
အဆိုပါ အခြေခံရှေးဦးပြုစုနည်းသင်တန်းသို့ ပွင့်ဖြူမြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်နှင့် မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု (၅၂)အုပ်စုမှ အခြေခံရှေးဦးပြုစုနည်းပညာ စိတ်ပါဝင်စားသည့် သင်တန်းသား ၊ သင်တန်းသူ စုစုပေါင်း ၃၅ ဦး ၊ ထိခိုက်ဒဏ်ရာ အခြေခံရှေးဦးပြုစုနည်းပညာ စိတ်ဝင်စားသူ ၂၀ ဦး ၊ စုစုပေါင်း ၅၅ ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရပြီး သင်တန်းအား ဇန်နဝါရီ ၉ ရက်နေ့မှ ၁၃ ရက်နေ့အထိ(၅)ရက်ကြာ စာတွေ့လက်တွေ့ စနစ်တကျ ဖွင့်လှစ် သင်ကြားပေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )