ပွင့်ဖြူမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းဆောင်ရွက်

ပွင့်ဖြူ      ဇန်နဝါရီ       ၁၃

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ ပထမခြောက်လ ဘတ်ဂျတ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)အတွက်စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းဆောင်ရွက်ခြင်းကို ဇန်နဝါရီ ၁၃ ရက် ၊ ယနေ့မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာအုပ်စု၊ ညောင်ပင်စောက်ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က စီမံကိန်းလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာ၌ ပြည်သူများကိုယ်တိုင် ပကတိအခြေ အနေများကို ဖော်ထုတ်ပြီး ဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းအစီအစဉ်များကို စနစ်တကျစုစည်းရေးဆွဲပြုစု ထားသောကဏ္ဍ ပေါင်းစုံပါဝင်သည့် ဖွံ့ဖြိုးရေးအစီအစဉ်ဖြစ်သည့်အတွက် ကျေးလက်နေပြည်သူများ ကိုယ်တိုင်ပူးပေါင်းပါဝင်ပြီး ဦးစားပေးအလိုက် လုပ်ငန်းစဉ်များကို  စီမံချက်ရေးဆွဲခြင်း ၊ ရန်ပုံငွေများ လျာထားဆောင်ရွက်ခြင်းနှင့် ကျေးရွာများက ထွက်ပေါ်လာသော စီမံချက်များအား မြို့နယ်အဆင့်ဌာန များအသီးသီး၏ ဖွံ့ဖြိုးရေးအစီအစဉ်များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မှုအခြေအနေများကို အသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ဒေသခံရပ်မိရပ်ဖများနှင့် ကျေးရွာနေပြည်သူများက မိမိတို့ကျေးရွာတွင် ဦးစားပေးအလိုက် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်းပြီး ဆွေးနွေးတင်ပြရာ မြို့နယ်ဦးစီးမှူးက စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပေးရခြင်း၏ အဓိကရည်ရွယ်ချက် သည် ကျေးလက်နှင့် မြို့ပြ ဆင်းရဲမှု ကွာဟချက်များ လျော့နည်းစေရန်နှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဘက်စုံဖွံ့ဖြိုးတိုး တက်စေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းဖြစ်၍ မိမိတို့ကျေးရွာဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားပြီး အများသဘောဆန္ဒဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ကော်မတီအား ဖွဲ့စည်းဆောင်ရွက် ပေးခဲ့ကြသည်။ 

ပွင့်ဖြူမြို့နယ်၌ ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ် ၊ ပထမခြောက်လဘတ်ဂျတ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) အကောင်အထည်ဖော်ဆောင်ရွက်ခြင်းကို ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာ၊  လက်ခုပ်ကျေးရွာနှင့် ညောင်ပင်စောက်ကျေးရွာအပါအဝင် ကျေးရွာ(၆)ရွာတွင် ဆောင်ရွက်သွားမည်ဖြစ်ကာ အဆိုပါစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းကြောင့် ကျေးရွာနေပြည်သူများ လုပ်ငန်း စွမ်းဆောင်ရည်မြင့်မားလာစေ ခြင်း ၊ တာဝန်ယူမှု၊ တာဝန်ခံမှု  အလေ့အကျင့်ကောင်းများ ရရှိလာစေခြင်း၊ ပူးပေါင်းဆောင်ရွက်လိုသည့်စိတ်များ ဖြစ်ပေါ်စေခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေခြင်း စသည့် အကျိုးကျေဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပြောသည်။။ 

 

ရဲဝင်းနိုင် ( ညောင်ဦး )