ကျိုက်လတ်မြို့တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကျိုက်လတ်     ဩဂုတ်       ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ယနေ့နံနက် (၁၁)နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ကျိုက်လတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးဝင်းက ရပ်ကွက်နှင့်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များအား စက်တင်ဘာလ (၇) ရက်နေ့မှ (၁၈) ရက်နေ့အတွင်းရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ သင်တန်း ပေးရန်အတွက် နေရာရွေးချယ်ခြင်း၊ သင်တန်းနည်းပြများ ရွေးချယ်ခြင်း၊ သင်တန်းမှူးနှင့်သင်တန်း ကြီးကြပ်သူများ ရွေးချယ်ခြင်း၊ ကျိုက်လတ်မြို့နယ်အတွင်းတွင် ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲဝင် စုစုပေါင်း(၆၉၉) ဦးရှိသဖြင့် ယခုကဲ့သို့ ကိုဗစ်-၁၉ ဖြစ်ပွားနေသည့်ကာလအတွင်း ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားချက်နှင့်အညီ တစ်ရက်အတွက်သင်တန်းပေးရန် လူဦးရေ သတ်မှတ်နိုင်ရေးသင်တန်းတွင် ပို့ချမည့်ဘာသာရပ်များ စီစဉ်ထားရှိမှုများနှင့်ပတ်သက်၍ ဝိုင်းဝန်း ဆွေးနွေးပေးကြရန်ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ၊ အဖွဲ့ဝင်များက အပြန်အလှန် ညှိနှိုင်းဆွေးနွေးတင်ပြခဲ့ကြကြောင်းသိရသည်။

ရီရီမြင့်(ပြန်/ဆက်)