မဘိမ်းမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ထုတ်ပေးခြင်း ကွင်းဆင်းဆောင်ရွက်

မဘိမ်း ဇန်နဝါရီ ၁၄           

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ  ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ထုတ်ပေးခြင်းနှင့် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ညောင်ပင်သာကျေးရွာ၊ ရွာဦးဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ လက်ထောက်မြို့နယ်ဦးစီးမှူး ဦးကျော်နိုင်မြင့်က ပန်းခင်းစီမံချက်ဆိုင်ရာများ အကြောင်းကို ကျေးရွာနေ ပြည်သူများသိရှိနိုင်ရေး အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ပြီး ပန်းခင်းစီမံ ချက်အကြောင်း အသိပညာပေး လက်ကမ်းစာစောင်များကို ပြည်သူများထံသို့ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေ ပေးခဲ့ကြသည်။

ဆက်လက်၍ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ခဲ့သော မအူကုန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၁ဝ ကတ်နှင့် အိမ်ထောင်စုစာရင်းများကို လက်ထောက်မြို့နယ်ဦးစီးမှူး ဦးကျော်နိုင်မြင့်က ပြည်သူများထံ ပေးအပ်ခဲ့ပြီး ဒေသခံပြည်သူများကိုယ်စား မအူကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းကြိုင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

မျိုးမင်း